“၀” ဒေသကနေ MNDAA ထိန်းချုပ်ဒေသကို ကုန်စည်သယ်ယူခွင့် ပိတ်ခံရ
2024.10.16
ရှမ်းပြည်နယ်မြောက်ပိုင်း “၀” တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ဟိုပန်၊ နမ့်တစ်မြို့တွေကနေ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ရာ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်လုံနဲ့ သိန္နီမြို့နယ်အတွင်း ကုန်စည်သယ်ဆောင်ခွင့်ကို UWSA ဘက်က ပိတ်ပင်ထားတယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေက ဒီနေ့ ပြောပါတယ်။
အောက်တိုဘာလ ဆန်းပိုင်းကစပြီး ဟိုပန်မြို့နယ် ဖောင်ဆိပ်တံတားကနေ ကုန်စည်သယ်ဆောင်ခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားတာလို့ ဟိုပန်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ကိုးကန့်အုပ်ချုပ်တဲ့ ချင်းရွှေဟော်တို့၊ ဘာတို့ကနေ ဟိုပန်ကို ဈေးလာရောင်းမယ်ဆိုရင် ပါလာတဲ့ပစ္စည်းကို သယ်လာလို့ ရတယ်။ ဟိုပန်ဘက်ကနေကျတော့ ဘာပစ္စည်းမှကို ပြန်ပြီးအသယ်မခံတာ။ ဈေးလာရောင်းပြီး ပစ္စည်းကျန်ရင်တောင် ပြန်သယ်သွားလို့ မရဘူး။ ဖောင်ဆိပ်မှာ “ဝ”တပ်ဖွဲ့က တအားစစ်တာ။ ဈေးသည်တွေ ကုန်သည်တွေကျတော့ အခက်အခဲဖြစ်ကုန်တာပေါ့”
“၀” ဒေသနဲ့ MNDAA ထိန်းချုပ်ရာ မြို့နယ်တွေက နယ်မြေချင်းဆက်နေတဲ့ ကျေးရွာဒေသခံတွေ အချင်းချင်းတောင် ဒေသထွက်ကုန်တွေ တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်း ဖလှယ်ဖို့ အခက်ခဲဖြစ်နေတယ်လို့လည်း လားရှိုးမြို့ကနေ ဟိုပန်မြို့ကို ဈေးသွားရောင်းချနေသူ တစ်ဦးက ပြောပါတယ်။
“ချင်းရွှေဟော်နဲ့ ဟိုပန်ဆိုတာ တံတားကူးလိုက်ရင် ရောက်တဲ့မြို့တွေရှင့် ။ လူပဲဖြတ်သန်း မယ်ဆိုရတယ်။ ကုန်ပစ္စည်း ပါလာမယ်ဆိုရင်တော့ ချင်းရွှေဟော်ကို သယ်လို့မရဘူး။ ဘာလို့လဲမေးတော့ ကိုးကန့် ထိန်းချုပ်ထားလို့တဲ့။ “ဝ” ဘက်ကိုကျတော့ ဘာသယ်သယ်ရတယ်။ ဆိုတော့ အခု ဒေသခံတွေက ဒေသထွက်ကုန်လေးတွေ ဈေးနေ့မှာ သွားရောင်းဖို့တောင် ခက်နေတာ”
ကိုးကန့်ဒေသတွင်း ကုန်စည်သယ်ခွင့် ပိတ်ထားတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့ဒဏ်ကို ခံစားနေရတယ်လို့ သူက ပြောပါတယ်။ ဒီအခြေအနေတွေကြောင့် ကိုးကန့်ဒေသခံတွေဟာ UWSA ထိန်းချုပ်ရာ ဒေသဘက်တွေကို ရွှေ့ပြောင်းနေထိုင်ကြတယ်လို့လည်း ဆိုပါတယ်။
ကုန်စည်သယ်ယူခွင့် ပိတ်ပင်ထားတာဟာ တရုတ်နိုင်ငံဘက်က “၀”တပ်ဖွဲ့ကို ဖိအားပေးထားတာကြောင့်လို့ ပြောဆိုမှုတွေရှိနေပြီး “ဝ” တပ်ဖွဲ့ဆက်ဆံရေး တာဝန်ရှိသူ ဦးညီရမ်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၄ သြဂုတ်လဆန်းပိုင်းကတည်းက UWSA ထိန်းချုပ်ရာ နမ့်တစ်မြို့က တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်ကိုလည်း တရုတ်နိုင်ငံဘက်က ပိတ်လိုက်ပြီး ကုန်စည်သယ်ဆောင်ခွင့်တွေ ကန့်သတ်ခံထားရတာပါ။
အခုလဆန်းပိုင်းအတွင်း ပေါက်ကြားလာတဲ့ “ဝ” တပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျင်းတို့ရဲ့ အစည်းအဝေး မှတ်တမ်းအတွင်းမှာလည်း “ဝ”တပ်ဖွဲ့အနေနဲ့ MNDAA ကိုးကန့် တပ်ဖွဲ့ ထိန်းချုပ်ရာ ဒေသတွေကို ဖြတ်ငါးဖြတ် စနစ်နဲ့ဖြတ်တောက်ထားဖို့ ဒေသခံတွေကြားမှာ တစ်ပိုင်တစ်နိုင် ကုန်စည်သယ်ဆောင်တာတွေကိုပါ ဖြတ်တောက်ထားဖို့ ဖိအားပေးပြောဆိုထားတာကို တွေ့ရပါတယ်။
“ဝ”ထိပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူတစ်ဦးကလည်း ဒီအစည်းအဝေး မှတ်တမ်းမှာပါတဲ့ အချက်လက်တွေဟာ မှန်ကန်တယ်လို့ RFA ကို ပြောဆိုထားပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။