UWSA နဲ့ နယ်စပ်တင်းမာမှုအခြေအနေ ထိုင်းအမျိုးသားလုံခြုံရေးကော်မတီ ဆွေးနွေးမည်

RFA Burmese
2024.12.06
UWSA နဲ့ နယ်စပ်တင်းမာမှုအခြေအနေ ထိုင်းအမျိုးသားလုံခြုံရေးကော်မတီ ဆွေးနွေးမည် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ဝင်များအား ၂၀၁၉ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဥ်။
RFA

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပါဝင်တဲ့ နယ်စပ်တင်းမာမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာနဲ့ အမျိုးသားအဆင့် မဟာဗျူဟာ ပြုပြင်ပြောင်းလဲရေးကော်မတီက လာမယ့် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဆွေးနွေးဖို့ စီစဉ်နေကြောင်း Bangkok Post သတင်းက ဖော်ပြပါတယ်။

ထိုင်းနယ်စပ်အနီး UWSA တပ်ဖွဲ့တွေတည်ရှိနေတာ စိုးရိမ်စရာကြီးထွားလာနေကြောင်း ကော်မတီဥက္ကဋ္ဌလည်းဖြစ် ပြည်သူ့ပါတီ ဒုတိယခေါင်းဆောင်လည်းဖြစ်တဲ့ Rangsiman Rome က ပြောပါတယ်။

နယ်စပ်တစ်လျှောက် ကာလကြာရှည်ဖြစ်ပွားနေတဲ့ ပြသနာတွေ၊ အထူးသဖြင့် မြန်မာစစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒုက္ခသည် နှစ်သန်းကျော် ထိုင်းနိုင်ငံမှာ ခိုလှုံနေရကြောင်း သူက ပြောပါတယ်။ ထိုင်းနိုင်ငံက ဒုက္ခသည် တစ်သိန်းခန့်သာ လက်ခံထားနိုင်စွမ်းရှိတာကြောင့် အခုလို သန်းနဲ့ချီ ဝင်ရောက်လာတာကို ကိုင်တွယ်ဖို့ မဖြစ်နိုင်ဘူးလို့ သူက ဆိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေရဲ့ သက်ရောက်မှုကနေ ခွဲထွက်လို့မရနိုင်ကြောင်း၊ အကြမ်းဖက်မှုတွေ ပြင်းထန်လာတာနဲ့အမျှ မြန်မာပြည်သူတွေ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံတွင်းကို မလွဲမသွေ ထွက်ပြေးလာမှာဖြစ်တယ်လို့ သူက ပြောပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ ထိုင်းနိုင်ငံအနေနဲ့ ဒီထွက်ပြေးလာသူတွေကို လက်မခံရင် နိုင်ငံ့ဂုဏ်သိက္ခာ ထိခိုက်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။

UWSA “ဝ” တပ်ဖွဲ့ဟာ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ အထူးသဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အဖွဲ့ဖြစ်ကြောင်း၊ သက်သေအထောက်အထားတွေအရ မူးယစ်ဆေးထုတ်လုပ်မှုမှာ ဒီအဖွဲ့ရဲ့ လွှမ်းမိုးမှုတွေ၊ နယ်စပ်ဖြတ်ကျော် ကျူးကျော်မှုတွေဟာ လက်ခံနိုင်စရာမရှိကြောင်း သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။