ဦးရည်မွန် ဆွေမျိုးတွေ အသတ်ခံရတာမရှိကြောင်း NUG ပြော
2024.07.26
ဇူလိုင်လ ၂၆ ရက် ဒီကနေ့ မနက်ပိုင်းက တယ်လီဂရမ်လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ အမျိုးတော်စပ်သူ ခုနစ်ဦး သတ်ဖြတ်ခံရတယ်ဆိုတာ သတင်းအမှားသာဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က RFA ကို ပြောပါတယ်။
အဲဒီဓာတ်ပုံတွေနဲ့ ပတ်သက်လို့ စိစစ်နေတယ်လို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။
"ဦးရည်မွန်ရဲ့ အမျိုးတော်စပ်သူတွေ မဟုတ်ဘူး။ သေဆုံးခဲ့သူတွေက မိသားစု တစ်စုစုကလူတွေ ဖြစ်ဖို့များ တယ်။ ဒီပုံတွေက ပုံအဟောင်းတွေလား၊ တမင် စစ်ကောင်စီဘက်က ဆိုက်ဝါးထည့်တာလား ဆိုတာကတော့ ကျွန်တော်တို့ သေချာစုံစမ်းနေပါတယ်"
ဒီနေ့မနက်က စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်လူမှုကွန်ရက်တွေမှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ဆွေမျိုးတွေ စာရင်းထပ်ပေးဖို့နဲ့ လောလောဆယ် ဆွေမျိုး ခုနစ်ဦးကို နန်းတွင်း စစ်ကြောရေးကို ပို့ဆောင်ပြီး ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း၊ အဲဒီအလောင်းတွေကို မန္တလေးက ၃၅ လမ်း သင်္ဂဇာချောင်းဘေးမှာတွေ့ရကြောင်း ရေးသားဖြန့်ဝေနေကြတာပါ။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ မိသားစုနဲ့ နီးစပ်သူတွေကတော့ ဒီဖြစ်စဉ်ဟာ မှန်ကန်မှုမရှိဘူးလို့ RFA ကို ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးကလည်း သင်္ဂဇာချောင်းဘေးမှာ ဘာရုပ်အလောင်းမှ တွေ့ရတာမျိုး မရှိဘူးလို့ RFA ကို ပြောပါတယ်။
တယ်လီဂရမ်စာမျက်နှာတွေမှာ ဖော်ပြထားတဲ့ ဓာတ်ပုံ ခြောက်ပုံထဲက သေဆုံးသူတွေဟာ တစ်နေရာတည်းမှာ သေဆုံးတာမျိုးမဟုတ်ဘဲ နေရာဒေသ မတူညီတာလည်း တွေ့ရပါတယ်။ အဲဒီအထဲက ဓာတ်ပုံတစ်ပုံဟာ မကွေးတိုင်း၊ ဂန့်ဂေါနယ် မြောက်ပိုင်း၊ ကျွန်းဒတ်ကျေးရွာမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကို ဇူလိုင်လ ၁၆ ရက်နေ့က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ဆက်စပ်ပြီး မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က စစ်ဆေးနေစဉ် သေဆုံးခဲ့တဲ့ ဖြစ်စဉ်က ပုံဖြစ်နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အခြားပုံတွေနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေကို RFA အနေနဲ့ အတည်ပြုနိုင် ခြင်း မရှိပါဘူး။
ဒါနဲ့ ပတ်သက်ပြီး အသေးစိတ် သိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။