မြန်မာနဲ့ အစ္စရေးရောက် ဗီယက်နမ်နိုင်ငံသားတွေ ချက်ချင်းထွက်ခွာဖို့ ဗီယက်နမ်အစိုးရ သတိပေး

2023.11.10
မြန်မာနဲ့ အစ္စရေးရောက် ဗီယက်နမ်နိုင်ငံသားတွေ ချက်ချင်းထွက်ခွာဖို့ ဗီယက်နမ်အစိုးရ သတိပေး ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဖန်သူဟန် (Pham Thu Hang) အား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က တွေ့ရစဉ်။ (
AFP

မြန်မာနဲ့ အစ္စရေးနိုင်ငံတွေမှာ ရောက်နေတဲ့ ဗီယက်နမ်နိုင်ငံသားတွေ ချက်ချင်းထွက်ခွာကြဖို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဖန်သူဟန် (Pham Thu Hang) က နိုဝင်ဘာလ ၉ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ဗီယက်နမ် နိုင်ငံသားတွေအနေနဲ့ စစ်ရေးပဋိပက္ခတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေကို မသွားကြဖို့၊ ဒီပြည်နယ်တွေမှာ ရောက်နေရင်လည်း အမြန်ဆုံးထွက်ခွာပြီး ဗီယက်နမ်ကို ပြန်လာကြဖို့၊ ဒေသခံအာဏာပိုင်တွေနဲ့ ဗီယက်နမ်သံရုံးတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းထားတယ်လို့ Saigon News သတင်းဌာနက ဖော်ပြပါတယ်။

မြန်မာနိုင်ငံရောက် ဗီယက်နမ်နိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် အာမခံချက်ပေးဖို့ကိုလည်း မြန်မာဘက်ကို တောင်းဆိုထားတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံ ဗီယက်နမ်သံရုံးနဲ့ တရုတ်နိုင်ငံက ဗီယက်နမ်အရာရှိတွေနဲ့ အစည်းအဝေးကျင်းပပြီး မြန်မာနိုင်ငံရောက် ဗီယက်နမ် နိုင်ငံသားတွေကို ပြန်ခေါ်နိုင်ဖို့လည်း ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံက လောင်းကစားရုံတွေမှာ ရောက်နေတဲ့ နိုင်ငံခြားသားတွေကို မကြာခင်က ကယ်တင်ခဲ့ရာမှာ ဗီယက်နမ်နိုင်ငံသားတွေလည်း ပါဝင်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံသားတွေအဖြစ် အတည်ပြုနိုင်တဲ့သူ ၁၆၆ ဦးကို မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ်နယ်စပ်အနီးက လုံခြုံတဲ့ နေရာတစ်ခုကို ရွှေ့ပြောင်းထားတယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါပေမဲ့ အခုအချိန် မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေ ဖြစ်နေပြီး နောက်ထပ် ဗီယက်နမ် နိုင်ငံသားတွေ ရှိနေမယ်လို့ ယူဆရတဲ့ ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံရဲ့ ဒေသတော်တော်များများမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ဆက်သွယ်ဖို့ ခက်ခဲနေတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။