ဗီယက်နမ် ထိုင်းကောင်စစ်ဝန်ရုံးက မြန်မာအလည်အပတ် ဗီဇာ ကန့်သတ်

RFA Burmese
2024.11.11
ဗီယက်နမ် ထိုင်းကောင်စစ်ဝန်ရုံးက မြန်မာအလည်အပတ် ဗီဇာ ကန့်သတ် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ ထိုင်းကောင်စစ်ဝန်ရုံး။
thaiembassy.org

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာရှိတဲ့ ထိုင်းကောင်စစ်ဝန်ရုံးမှာ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေကို ရက် ခြောက်ဆယ်အလည်အပတ်ဗီဇာ (TR Visa) လျှောက်ထားမှု ပယ်ဖျက်လိုက်တယ်လို့ ဘန်ကောက်မြို့မှာ ခရီးသွားလုပ်ငန်းလုပ်နေသူတွေက RFA ကို နိုဝင်ဘာလ ၁၁ ရက် ဒီနေ့ပြောပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းမှာ ရက်ရှည်နေထိုင်ဖို့ မြန်မာနိုင်ငံထဲ ပြန်လည်ဝင်ရောက် လျှောက်ထားရတော့မှာ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်ဖော်လိုတဲ့ ဘန်ကောက်မြို့မှာ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ကတည်းက ဗီယက်နမ်မှာ မြန်မာတွေကို ထိုင်း အလည်အပတ် ရက်ခြောက်ဆယ်ဗီဇာ မပေးတော့ဘူး။ လာအို၊ ကမ္ဘောဒီးယားဘက်က ထိုင်းသံရုံးမှာ ဗီဇာပေးသေးလား ပိတ်လိုက်ပြီလားတော့ လတ်တလော မသိရသေးဘူး”

ထိုင်းကို ရွှေ့ပြောင်းလာတဲ့ မြန်မာနိုင်ငံသား အများစုဟာ အလည်အပတ်ဗီဇာ နှစ်လနဲ့ ထိုင်းနိုင်ငံထဲ ဝင်ရောက်ပြီးနောက် ဗီဇာကို တစ်လချင်းစီ သက်တမ်းတိုးကာ ဗီဇာသက်တမ်း ခြောက်လပြည့်ရင် အိမ်နီးချင်း ပြည်ပနိုင်ငံ တစ်နိုင်ငံကို အထွက်ပြပြီး ထိုင်းနိုင်ငံထဲကို အလားတူ ဗီဇာနဲ့ ပြန်လည်နေထိုင်ကြတာပါ။

ပြည်ပနိုင်ငံတွေကတစ်ဆင့် အလည်အပတ် ဗီဇာရဖို့ ဗီယက်နမ်နိုင်ငံဟာ ကျန်နိုင်ငံတွေထက် အချိန်မြန်တာကြောင့် အများစုက ဗီယက်နမ်ကတစ်ဆင့်ပဲ လျှောက်ထားကြတာလို့ ဆိုပါတယ်။

ဒီလို အလည်အပတ်ဗီဇာ ပိတ်လိုက်တာကြောင့် ကျန်နိုင်ငံတွေမှာပါ အလားတူ ပိတ်ပင်မှု ဖြစ်လာမှာကို ဗီဇာသက်တမ်း ပြည့်တော့မဲ့ မြန်မာနိုင်ငံသားတွေ စိုးရိမ်နေကြပြီး အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဗီယက်နမ်နိုင်ငံ၊ ထိုင်းကောင်စစ်ဝန်ရုံးကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲကို ထွက်ခွာမှုများပြားလာပြီးနောက် ပြည်ပထွက်ခွာခွင့်ကို စစ်ကောင်စီက ကန့်သတ် တင်းကျပ်ထားပါတယ်။

ဒါကြောင့် ထိုင်းမှာ အလည်အပတ်ဗီဇာနဲ့ နေထိုင်သူတွေ ပြည်တွင်းထဲပြန်လာရင် ထပ်မံထွက်ခွာခွင့် မရတော့မဲ့ အခြေအနေ ကြုံနေရတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။