မင်းဘူးမြို့နယ်က ဒေသခံ နှစ်ထောင်ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရ
2025.01.11

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်၊ အိုးပြင်မဲရွာကို ဇန်နဝါရီလ ၁၁ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ဒေသခံ နှစ်ထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကြောင်းတွေကြောင့် အိုးပြင်မဲရွာ၊ တင်ပြင်ခွေရွာနဲ့ အိုင်းမရွာတို့မှာ နေထိုင်တဲ့ဒေသခံတွေ ထွက်ပြေးနေရပြီး အိုးပြင်မဲရွာက နေအိမ် သုံးဆယ်ကျော်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
အိုးပြင်မဲရွာဟာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ လွှမ်းမိုးထားတဲ့ ပုသိမ်-မုံရွာလမ်းပိုင်းနဲ့ အနီးဆုံးရွာဖြစ်တာကြောင့် စစ်ကောင်စီတပ်က ဒေသခံတွေကို အကြောက်တရားဖြစ်အောင် မီးလာရှို့တာဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အိုးပြင်မဲရွာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အိမ်ခြေက နှစ်ရာနီးပါးရှိတယ်။ ရွာတောင်ပိုင်းက အိမ် ၃၆ လုံးကို မီးရှို့သွားတာ။ တစ်ပြိုင်နက်တည်း မရှို့ဘူး၊ တစ်လုံးပြီးမှ တစ်လုံးရှို့သွားတာ။ မနက် ၁၀ နာရီလောက်ကတည်းက ညနေ ၄ နာရီအထိပဲ။ တိုက်ပွဲဖြစ်တာမျိုးလည်း လုံးဝမရှိပါဘူး။ ဘာကြောင့်မီးလာရှို့လဲတော့မသိဘူး။ တော်လှန်ရေးတပ် တွေအသုံးပြုနေတဲ့ ပုသိမ်-မုံရွာလမ်းနဲ့တော့ ကျွန်တော်တို့ရွာက နီးတာပေါ့။ ပြီးတော့ ရွာကိုမီးလာမရှို့ခင် မန်းချောင်းလေးပဲခြားတဲ့ တင်ပြင်ခွေဘုရားကုန်းကနေ စစ်တပ်က လက်နက်ကြီးနဲ့ အရင်လှမ်းလှမ်းထုပြီးမှ ရွာထဲကို လက်နက်တွေ ရမ်းပစ်ခတ်ပြီး အင်နဲ့အားနဲ့ ဝင်လာကြတာဗျ။ သူတို့အဖွဲ့က တစ်ရာကျော် ၁၅၀ လောက်ရှိမယ်။ ရွာထဲရှိ လူအကုန်ထွက်ပြေးရတာ၊ ပစ္စည်းတွေသိမ်းနေတဲ့ ကောင်မလေးနှစ်ယောက်တောင် မိသွားသေးတယ်"
စစ်ကောင်စီတပ် စစ်ကြောင်းတွေ ရွာကနေ ပြန်ထွက်သွားပေမဲ့ စိတ်ချရတဲ့ အခြေအနေမဖြစ်သေးတာကြောင့် ဒေသခံအများစုဟာ နေရပ်မပြန်ကြသေးဘဲ အခြေအနေ စောင့်ကြည့်နေကြတယ်လို့ သူကဆိုပါတယ်။
ဒေသခံတွေ ထွက်ပြေးနေရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မကွေးတိုင်း စစ်ကောင်စီပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။
အိုးပြင်မဲရွာနဲ့ ၁၀ မိုင်နီးပါးဝေးတဲ့ ရွှေစက်တော်ဘုရားအနီးမှာ တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်တာကြောင့် ဖေဖော်ဝါရီလမှာ ကျင်းပမဲ့ မန်းရွှေစက်တော်ဘုရားပွဲကို မသွားကြဖို့နဲ့ မင်းဘူး(စကု)မြို့နယ်အထဲက ပုသိမ်-မုံရွာလမ်းပိုင်း၊ လက်ပံတော-အိုင်းမ-ကိုင်းမကြီး စတဲ့ လမ်းပိုင်းတွေကို အသုံးမပြုကြဖို့ မင်းဘူးခရိုင်အမှတ် (၆) တပ်ရင်းက ဇန်နဝါရီလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။