မဲစာရင်း မှန်ကန်ရေး လုပ်ဆောင်နေကြောင်း စစ်ကောင်စီ UEC ပြော

RFA Burmese
2024.09.07
မဲစာရင်း မှန်ကန်ရေး လုပ်ဆောင်နေကြောင်း စစ်ကောင်စီ UEC ပြော ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (CVLMS) ကို အဆင့်မြှင့်တင်ထားသည့်အကြောင်း ရှင်းလင်းသည့်အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က နေပြည်တော်တွင် ကျင်းပစဉ်။
MOI

မြို့နယ်အဆင့်ကနေ ရပ်ကွက်နဲ့ ကျေးရွာအဆင့်မှာရှိနေတဲ့ မဲရုံတွေအထိ အသုံးပြုတဲ့ မဲစာရင်းမှန်ကန်ရေးအတွက် နည်းပညာအရ စာရင်းပြုစုနိုင်တဲ့ ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (CVLMS) ကို အဆင့်မြှင့်တင် အသုံးပြုနေတယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က စက်တင်ဘာလ ၆ ရက်နေ့မှာ ပြောပါတယ်။

UEC ဥက္ကဋ္ဌ ဦးကိုကိုက စက်တင်ဘာလ ၆ ရက်နေ့က နေပြည်တော်မှာ ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (CVLMS) ကို အဆင့်မြှင့်တင်ထားတဲ့အကြောင်း ရှင်းလင်းတဲ့အခမ်းအနားမှာ ပြောခဲ့တာပါ။ ဒီစနစ်ဟာ မဲရုံတွေ သတ်မှတ်တာ၊ မဲစာရင်းမှာ ၁၈ နှစ်မပြည့်သူတွေနဲ့ သေဆုံးသူတွေ မပါစေဖို့နဲ့ မဲစာရင်းတွေ မထပ်အောင် စိစစ်ဆောင်ရွက်တာတွေ လုပ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ဒီအပြင် ဒီစနစ်ကို နိုင်သူအကုန်ယူစနစ် (FPTP) နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) စတဲ့ ရွေးကောက်ပွဲစနစ် နှစ်ခုလုံးမှာ အသုံးပြုနိုင်မယ်လို့လည်း ဦးကိုကိုက ပြောပါတယ်။

စစ်ကောင်စီဟာ မဲစာရင်းပြုစုတဲ့အခါ အချက်အလက်မှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းကောက်ယူရေး ဗဟိုကော်မတီကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ကတည်းက စတင်ဖွဲ့စည်းခဲ့တာပါ။

အဲဒီနောက် အဲဒီကော်မတီက ဦးဆောင်ကောက်ယူထားတဲ့ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ လူဦးရေစာရင်း (ပထမမူကြမ်း) နဲ့ (ဒုတိယမူကြမ်း) တွေကို လက်ခံရရှိထားပြီလို့ UEC က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့မှာ ပြောထားပါတယ်။ အဲဒီစာရင်းတွေကို မဲရုံတစ်ခုချင်းစီအထိ စာရင်းထည့်သွင်းတာတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါဟာ လာမဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေကို တစ်ဆင့်ချင်း အရှိန်မြှင့် လုပ်ဆောင်လာတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတော့ စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတစ်ဝန်း စစ်ရေးအရှိန်မြှင့်ဖို့နဲ့ နိုင်ငံရေးအရ ပြင်ဆင်မှုတွေလုပ်ကြဖို့ ဩဂုတ်လ ၂၇ ရက်နေ့က ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမရှိဘဲ မပြေလည်နိုင်ကြောင်းနဲ့ စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ဩဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။