ရွေးကောက်ပွဲကို ရုရှား ကူညီမယ်လို့ စစ်ကောင်စီ ပြော
2024.12.04
ရုရှားနိုင်ငံက မြန်မာ့ရွေးကောက်ပွဲကို ကူညီမဲ့အကြောင်း ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌနဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့ နေပြည်တော်မှာ တွေ့ဆုံချိန် ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဒီဇင်ဘာလ ၄ ရက် ဒီနေ့ ဖော်ပြပါတယ်။
ရုရှားလွှတ်တော် ဒုဥက္ကဋ္ဌ Mr. Sholban Kara-Ool ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း ဒီဇင်ဘာလ ၃ ရက်နေ့မှာ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲကျင်းပချိန်မှာ ရုရှားနိုင်ငံက လေ့လာရေးအဖွဲ့တွေ ဖိတ်ခေါ်ရေးအတွက်လည်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ပြီးခဲ့တဲ့ တရုတ်ခရီးစဉ်မှာလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး နိုင်ငံတကာ အကဲခတ်တွေကိုလည်း ဖိတ်ခေါ်မယ်လို့ တရုတ်ကို ပြောခဲ့ပါတယ်။
ဒီ့အပြင် ကမ္ဘောဒီးယားနိုင်ငံကလည်း ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ ကိုယ်စားလှယ်တွေ စေလွှတ်မယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ကျင်းပလို့ရနိုင်မဲ့ နေရာတွေမှာပဲ အပိုင်းလိုက်လုပ်လာဖွယ်ရှိပြီး လွှတ်တော်ဖွဲ့နိုင်တဲ့ အခြေအနေကို ဖန်တီးလာနိုင်တယ်လို့ အခြေခံဥပဒေရေးရာ ကျွမ်းကျင်သူတစ်ယောက်က RFA ကို ပြောပါတယ်။
ဒါပေမဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာဖို့အတွက်တော့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
“လူထုက ရွေးကောက်ထားတဲ့ အစိုးရနဲ့ လွှတ်တော်ရှိနေလျက်နဲ့ အတင်းအကျပ် အာဏာသိမ်းပြီးတော့ သူတို့လိုချင်တဲ့ပုံစံနဲ့ ပြန်လုပ်မဲ့ ရွေးကောက်ပွဲကတော့ ဘယ်မှာလာပြီး တရားမျှတနိုင်မှာလဲ”
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်ကတော့ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ရေးကိစ္စတွေကို အရှိန်မြင့်လုပ်ဆောင်နေပြီး တည်ထောင်ခွင့်လျှောက်ထားတဲ့ နိုင်ငံပါတီတွေကို အတည်ပြုတာနဲ့ ပယ်ချတာတွေလည်း ဆက်လုပ်လာပါတယ်။
လာမဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေပြီ ဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေ ကြိုတင်ပြင်ဆင်ထားကြဖို့ကို ရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၂၄ ရက်နေ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ အဲဒီအစည်းအဝေး တက်ရောက်ခဲ့သူတွေက RFA ကို ပြောထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု မရှိဘဲ မပြေလည်နိုင်ကြောင်းနဲ့ စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ဩဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။