ကော့ကရိတ်ရှိ စစ်ကောင်စီ ဝန်ထမ်းအားလုံး အမြန်ဆုံးထွက်ခွာဖို့ KNU သတိပေး

RFA Burmese
2023.11.18
ကော့ကရိတ်ရှိ စစ်ကောင်စီ ဝန်ထမ်းအားလုံး အမြန်ဆုံးထွက်ခွာဖို့ KNU သတိပေး မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း တစ်နေရာကို တွေ့ရစဉ်။
Karen Information Center - KIC

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ အုပ်ချုပ်ရေးအောက်မှာ ပါဝင်နေကြသူ အားလုံး ခုနစ်ရက်အတွင်း အမြန်ဆုံး ထွက်ခွာသွားကြဖို့ ကရင် အမျိုးသား အစည်းအရုံး (KNU) က နိုဝင်ဘာလ ၁၇ ရက်မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။

ကျိုက်ဒုံမြို့၊ ကော့ကရိတ်မြို့၊ စုကလိမြို့နဲ့ ဝေါ်လေမြိုင်မြို့တို့မှာရှိတဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးအောက်က ယန္တရားမှာ ပါဝင်နေကြသူအားလုံး အမြန်ဆုံး ထွက်ခွာသွားကြဖို့ သတိပေးခဲ့တာပါ။

ဒီထုတ်ပြန်ချက်က နောက်ဆုံးအကြိမ် သတိပေးခြင်းဖြစ်ပြီး မလိုက်နာရင် နောက်ဆက်တွဲ ပြဿနာတွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ကော့ကရိတ်မြို့ပေါ်က ပြောင်းရွှေ့နေကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ရှိသလို ဒေသခံ ပြည်သူတွေလည်း ပြောင်းရွှေ့နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကော့ကရိတ် မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မြို့ပေါ်မှာတော့ ပြောင်းနေကြတာပဲ အခု လက်ရှိကတော့။ ပြောင်းတဲ့သူက ပြောင်းတယ်။ နေတဲ့သူကလည်း နေနေကြသေးတယ်။ ကော့ကရိတ်မြို့ တစ်မြို့လုံးနီးပါးပဲ ပြောင်းနေတာ။ သူတို့ဌာနဆိုင်ရာ တချို့လည်း ပြောင်းတယ်လို့ ကြားတယ်။ ဒေသခံတွေကျတော့ တစ်ပိုင်းမှာ အိမ်ငါးဆယ် ရှိတယ်ဆိုရင် နှစ်ဆယ်လောက်ပဲ ကျန်တယ်။ ကျန်တာ ပြောင်းကုန်ပြီ။ တချို့က ပြောင်းသွားတာ တစ်လလောက် ရှိနေပြီ”

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ KNU တပ်တွေ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပါတယ်။

စစ်ရေး ပဋိပက္ခတွေအတွင်း စစ်ကောင်စီ တပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကိုးလအတွင်း အရပ်သား ၁၄၀ သေဆုံးပြီး ၄၆၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။