မြို့သုံးခုမှာ ရေကြီးမှုတွေ ဆက်ဖြစ်နိုင်ကြောင်း မိုးဇလပြော
2024.08.29
သံလွင်နဲ့ စစ်တောင်းမြစ်ရေ မြင့်တက်လာတာကြောင့် ပဲခူးတိုင်း တောင်ငူ၊ မဒေါက်နဲ့ ကရင်ပြည်နယ် ဘားအံမြို့နယ်တွေမှာ မြစ်ရေကြီးမှုတွေ ဆက်ဖြစ်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သြဂုတ်လ ၂၉ ရက် ဒီနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။
သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် တစ်ပေခွဲကျော်ကို ရောက်နေပြီး စစ်တောင်းမြစ်ရေကလည်း တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် နှစ်ပေကျော်နဲ့ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် မြင့်တက်နေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ဘားအံ၊ တောင်ငူနဲ့ မဒေါက်မြို့နယ်မှာရှိတဲ့ မြစ်ကမ်းဘေးနဲ့ မြေအနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ သတိပြုကြဖို့လည်း မိုးဇလက အသိပေးထားပါတယ်။
တောင်ငူမြို့မှာ သြဂုတ် ၂၇ ရက်နေ့ကစလို့ စစ်တောင်းမြစ်ကမ်းဘေးက ရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၈၊ ၉နဲ့ အမှတ် ၁၀ ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်လာပြီး သြဂုတ် ၂၉ ရက် ဒီနေ့အထိ ရေဘေးဒုက္ခသည် တစ်ထောင်ကျော်ရှိလာပြီလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက RFA ကို ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေဘေးဒုက္ခသည် အကူအညီပေးနေသူ တစ်ဦးကတော့ စားနပ်ရိက္ခာနဲ့ ရေသန့်တွေ လိုအပ်တယ်လို့ RFA ကို ပြောပါတယ်။
“အရင်က ရေမတက်တဲ့ ရပ်ကွက်တချို့လည်း ရေတက်လာတယ်။ ရေသန့်နဲ့ စားနပ်ရိက္ခာ လိုအပ်ပါတယ်။ ရေလွတ်တဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ရွှေ့ပြောင်းထားတယ်။ ရေဘေးကယ်ဆယ်ရေးစခန်း ခြောက်ခုလောက် ရှိပါတယ်”
ပဲခူးတိုင်းက ရေဘေးဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ဇူလိုင်လ နောက်ဆုံးပတ်ကစလို့ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် လူနှစ်သိန်းကျော် ရေဘေးဒုက္ခ ကြုံခဲ့ရပါတယ်။