ရေစကြိုမှာ လက်နက်ကြီးကြောင့် ဒေသခံ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

RFA Burmese
2023.10.01
ရေစကြိုမှာ လက်နက်ကြီးကြောင့် ဒေသခံ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ ရေစကြိုမြို့ အဝင်တစ်နေရာအား တွေ့ရစဉ်။
Yesagyo Township Info Committee

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ စက်တင်ဘာလ ၃၀ ရက်နဲ့ အောက်တိုဘာလ ၁ ရက်နေ့တွေမှာ လူနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းတွင်းမြစ်ထဲက စစ်သင်္ဘောတွေပေါ်ကနေ အောက်တိုဘာလ ၁ ရက် ဒီကနေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ချင်းယားရွာက ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးသေဆုံးပြီး ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် တစ်ဦးဒဏ်ရာရရှိ ခဲ့ပါတယ်။

တစ်ဦးက နေရာမှာတင် ပွဲချင်းပြီး သေဆုံးကာ နောက်တစ်ဦးက ပေါင်ပြတ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ပအဖ အဖွဲ့က အမျိုးသားကတော့ နေရာမှာတင် ပွဲချင်းပြီး ဆုံးတယ်ဗျ၊ ကျန်တဲ့ ပလဖက လူငယ်ကတော့ ပေါင်ပြတ်သွားတယ်။ ပေါင်ရင်းနားကနေ ပြတ်သွားတာ။ သူတို့ စကားပြောနေရာကို လက်နက်ကြီး ကျတာပေါ့၊ ဒါကြောင့်လည်း ဒီလောက်ထိ ဖြစ်သွားတာ"

စက်တင်ဘာလ ၃၀ ရက် မနေ့ကလည်း သူဌေးကုန်းရွာက ကောက်စိုက်နေတဲ့ ဒေသခံ အမျိုးသမီး နှစ်ဦးအနီးကို လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာ အသက် ၄၅ နှစ်အရွယ် ဒေါ်ညိုမာ သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အရွယ် မနိုင်ဇင်လဲ့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်လို့ မကွေးတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ တိုင်းအတွင်းရေးမှူး ဦးသန်းဆွေဝင်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အာဏာသိမ်းချိန်ကနေ ၂၀၂၃ခုနစ် စက်တင်ဘာလ ၃၀ ရက်အထိ စစ်ကောင်စီတပ် လက်ချက်ကြောင့် ပြည်သူ ၄,၁၃၁ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။