လက်နက်ကြီးကြောင့် ကလေးမြို့ လက်ပံချောင်းရွာခံ အမျိုးသမီးနှစ်ဦးသေဆုံး
2023.11.05
စစ်ကိုင်းတိုင်း၊ ကလေးမြို့ လက်ပံချောင်းရွာကို နိုဝင်ဘာလ ၄ ရက်ညပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာခံအမျိုးသမီးနှစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ပံချောင်းရွာမှာနေထိုင်တဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၃ဝ အရွယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ညက တော်တော်ပစ်တာ များတယ်။ တခြား မြောက်ပိုင်းကရွာတွေထဲလည်း ကျသွားတယ်လေ။ အသက်ကြီးတဲ့ အမျိုးသမီးကတော့ ပွဲချင်းပြီးပဲ။ နောက်တစ်ယောက်ကတော့ မိနစ်ပိုင်းလောက်မှာပဲ သေသွားတယ်။ ညကတော့ တောင်ဖီလာတောင်ကနေ လှမ်းပစ်နေတာ။ တိုက်ပွဲမရှိလည်း သူတို့က ပစ်နေကျ။ အကြောင်းမဲ့ လက်နက်ကြီးနဲ့ ပစ်နေတာ အခုဆို တစ်ပတ်နီးပါးလောက်ရှိပြီ။ ညတိုင်းကို ပစ်နေတာ”
နိုဝင်ဘာ ၃ ရက်ညပိုင်းကလည်း ကလေးမြို့အခြေစိုက် အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဥယျာဉ်ရွာက အသက် ၃၀ အရွယ် မပူးလေး ဝမ်းဗိုက်ကို လက်နက်ကြီးကျည်စထိမှန်ပြီး နေရာမှာတင် သေဆုံး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၄ ရက် မနက်ပိုင်းမှာလည်း ကလေးမြို့တောင်ပိုင်းက မြောက်စည်းရဲစခန်းကို ကလေးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ကလေး-ကဘော်-ဂန့်ဂေါအဖွဲ့အပါအဝင် ပူးပေါင်းမဟာမိတ်အဖွဲ့တွေ တိုက်ခိုက် သိမ်းယူခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
RFA က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ နိုင်ငံတစ်ဝန်းမှာ အရပ်သား ၈၁၆ ဦး သေဆုံးခဲ့ပြီး ၁၆၂၈ ဦး ဒဏ်ရာရခဲ့ပါတယ်။