လက်နက်ကြီးကြောင့် မုန်းမြို့နယ်မှာ အရပ်သားတစ်ထောင်ကျော် ထွက်ပြေး
2023.03.18

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ မုန်းမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကောင်စီတပ်က မတ်လ ၁၇ ရက်မှာ လက်နက်ကြီး နဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၁၁၆၂ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
KNU လက်အောက်ခံ KNLA တပ်မဟာ (၃) နဲ့ စစ်ကောင်စီတပ်အကြား ထွနီကုန်းရွာနဲ့ ဆေးပုလဲရွာအကြားမှာ မတ်လ ၁၇ ရက် မနက် ၄ နာရီခွဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ၄၂ လုံးနဲ့ ပစ်ခတ်ခဲ့ ရာမှာ ထွနီကုန်းရွာနဲ့ ဆေးပုလဲရွာတွေကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ ပြီး အဆောက်အအုံလေးလုံး ပျက်စီးခဲ့သလို အရပ်သားတွေ ထွက်ပြေးခဲ့ရတယ်လို့ KNU က ပြောပါတယ်။
ထွနီကုန်းရွာနဲ့ ဆေးပုလဲရွာမှာ စုစုပေါင်းအိမ်ခြေ ၂၁၉ အိမ် ရှိပြီး လူဦးရေ ၁၁၆၂ ဦး နေထိုင် ပါတယ်။ လက်ရှိမှာတော့ သူတို့အားလုံး ဗုံးခိုကျင်းတွေနဲ့ ဘေးလွတ်ရာနေရာတွေဆီ ထွက်ပြေးခိုလှုံနေကြတယ်လို့ ဆိုပါတယ်။
မုန်းမြို့နယ်အတွင်း တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။
မတ်လ ၁၄ ရက်တုန်းကလည်း မုန်းမြို့နယ် ရေလဲရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
KNU ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာန ရဲ့စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံတပ်တွေအကြား ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေအတွင်း တိုက်ပွဲပေါင်း ရှစ်ထောင် (၈၀၀၀) ကျော် ဖြစ်ပွားခဲ့ပါတယ်။