ပုဏ္ဏားကျွန်းမှာ လက်နက်ကြီးကြောင့် အရပ်သားငါးဦး ဒဏ်ရာရ
2024.07.24
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးရွာကို ဇူလိုင်လ ၂၃ ရက် မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာသားငါးဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ညနေက ပြောပါတယ်။
တိုက်ပွဲတစ်စုံတစ်ရာဖြစ်တာ မရှိဘဲ စစ်တွေမြို့နယ်ထဲကနေ ကျေးရွာထဲကို လက်နက်ကြီးနဲ့ လှမ်းပစ်တာဖြစ်ပြီး နေအိမ်မှာနေရင်း ဒဏ်ရာရသွားကြတာလို့ အမည်မဖော်လိုတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီဘက်မှာ တိုက်ပွဲတွေဖြစ်တာမရှိဘူး။ စစ်တပ်လည်းမရှိတော့ဘူးလေ။ ဒီအတိုင်း စစ်တွေမြို့နယ်ထဲကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာပါ။ ကျွဲထိုးရွာကျတော့ ပုဏ္ဏားကျွန်းမြို့နယ်ဆိုပေမယ့် စစ်တွေမြို့နဲ့ နီးတယ်လေ။ ရွှေမင်းဂံကပဲ ဖြစ်ဖြစ်၊ ပါဒလိတ်တပ်ရင်းကပဲ ဖြစ်ဖြစ်၊ နေဗီကပဲ ဖြစ်ဖြစ် လက်နက်ကြီးတွေနဲ့ လှမ်းပစ်လို့ရတယ်။ မနေ့က ရွာထဲကို လက်နက်ကြီး သုံးလေးလုံးကျတယ်။ ရွာသားငါးယောက် ဒဏ်ရာရတယ်လို့ သိရတယ်”
ရခိုင်ပြည်နယ် အခြေစိုက် DMG သတင်းဌာနက ဒီနေ့ဖော်ပြတဲ့ သတင်းတစ်ပုဒ်မှာတော့ အဲဒီဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေဟာ အသက် ၁၇ နှစ်အရွယ် မောင်နေမျိုးလင်း၊ အသက် ၂၃ နှစ်အရွယ် မောင်နေမျိုးဦး၊ အသက် ၃၅ နှစ်အရွယ် ဒေါ်စိန်ကျော့နု၊ အသက် ၄၅ နှစ်အရွယ် ဒေါ်အေးခိုင်ညွန့်နဲ့ အသက် ၇၄ နှစ်အရွယ် ဒေါ်မကျော့ တို့ဖြစ်ပြီး အဲဒီအထဲက ဒေါ်မကျော့နဲ့ မောင်နေမျိုးလင်းမှာ ဒဏ်ရာပြင်းထန်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်တွေမြို့ကို ကာကွယ်ဖို့အတွက် မြို့ပတ်ပတ်လည်မှာ လက်နက်ကြီးစခန်းတွေနဲ့ အခိုင်အမာ တပ်စွဲထားပြီး ဒရုန်းတွေနဲ့လည်း အချိန်တိုင်းစောင့်ကြည့်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့နဲ့ ကပ်ရက်ရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ကတည်းက အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး အဲဒီအချိန်ကတည်းက ပုဏ္ဏားကျွန်းမြို့ပေါ်နဲ့ မြို့နယ်ပတ်ဝန်းကျင်တွေမှာ မသင်္ကာတာတွေ့ရင် စစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အခုလို ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ဒေသခံတွေ ဒဏ်ရာရတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိဘူး။