မြင်းခြံမှာ စစ်ကြောင်းထိုးချိန် အမျိုးသမီး သုံးဦး သတ်ဖြတ်ခံရ
2024.09.08
မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်က စက်တင်ဘာလ ၈ ရက် ဒီနေ့ စစ်ကြောင်းထိုးချိန် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အမျိုးသမီး သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ခင်မကန်ရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်ချိန် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၅၅ နှစ်အရွယ် ဒေါ်ပြုံးဆိုသူ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ ခင်မကန်နားက ရွာမှာ PDF တွေရှိတယ်ဆိုပြီး စစ်ကြောင်း သုံးကြောင်းနဲ့ ပတ်ပြီးထိုးတာ။ သူတို့ စစ်ကြောင်းထိုးတဲ့အချိန် လက်နက်ကြီးပစ်တော့ ရေချိုးနေတဲ့ အမျိုးသမီး တစ်ယောက်ကို မှန်ပြီးတော့ သေဆုံးသွားတယ်”
ဒီ့အပြင် စံပြရွာကို ဈေးလာဝယ်တဲ့ ရွာကြီးရွာက ဒေသခံ အမျိုးသမီး နှစ်ဦးကိုလည်း စစ်ကောင်စီတပ်သားတွေက ပစ်သတ်သွားတယ်လို့ သူက ပြောပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီတပ်က စံပြရွာကို စီးနင်းထားတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် တဲရွာ၊ ခင်မကန်၊ သဲတော၊ ပျော်ဘွယ်၊ စံပြ၊ မြောက်ကုန်း စတဲ့ရွာခြောက်ရွာမှာ နေထိုင်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။