နိုင်ငံတစ်ဝန်း ရေဘေးအန္တရာယ်သတိထားဖို့ စစ်ကောင်စီပြော

RFA Burmese
2024.10.03
နိုင်ငံတစ်ဝန်း ရေဘေးအန္တရာယ်သတိထားဖို့ စစ်ကောင်စီပြော ပဲခူးတိုင်း တောင်ငူမြို့မှ ရေဘေးသင့်ဒေသခံတချို့အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

နိုင်ငံတစ်ဝန်းမှာ အောက်တိုဘာလ ၃ ရက်နေ့ကနေ ၆ ရက်နေ့အထိ လေးရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမြေပြိုတာတွေအပါအဝင် လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာလ ၃ ရက်နေ့ညက ထုတ်ပြန်ပါတယ်။

နိုင်ငံတစ်ဝန်း ကုန်းမြင့်တွေအနီး နေထိုင်သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ မြစ်၊ ချောင်းအနီး နေထိုင်သူတွေ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင်ရှောင်ရှားနိုင်ဖို့လည်း သတိပေးတိုက်တွန်းထားပါတယ်။

စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းတွေအပြင် ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာသွန်းပြီး ဒေသအလိုက် နေရာကွက်မိုးကြီးတာတွေနဲ့အတူ လေပြင်းတိုက်ခတ်တွေ ဖြစ်ပေါ်နိုင်တယ်လထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်တိုင်းနဲ့ ရှမ်း၊ ကယားပြည်နယ်တွေမှာလည်း နေရာစိပ်စိပ် မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ ဆိုပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “ကရတ်သွန်” ကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေ၊ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်တွေကြောင့် နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းရတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)ရဲ့ စက်တင်ဘာ ၂၁ ရက်စာရင်းအရ မြန်မာမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအပါအဝင် ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်း(အရှေ့)နဲ့တောင်ပိုင်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေက ၆၅ မြို့နယ်က လူ ကိုးသိန်းနီးပါး (၈၈၇,ဝဝဝ) ရေဘေးဒဏ် ခံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။