ဝက်မှေးရွာမှာ ပိတ်မိနေတဲ့ဒေသခံတွေကို ရွှေ့ပြောင်းဖို့ ဝမ်ပေါင်ကုမ္ပဏီ ဖိအားပေး

RFA Burmese
2023.08.09
ဝက်မှေးရွာမှာ ပိတ်မိနေတဲ့ဒေသခံတွေကို ရွှေ့ပြောင်းဖို့ ဝမ်ပေါင်ကုမ္ပဏီ ဖိအားပေး ရဲတပ်ဖွဲ့ဝင်များကို ရွာထဲမဝင်ဖို့ တားဆီးရာမှ ရဲနဲ့ ဝက်မှေးရွာဟောင်းဒေသခံတွေအကြား ၂ဝ၁၈ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ်။
Myint Win - Facebook

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်ကုမ္ပဏီက ဝက်မှေးရွာကို ခြံစည်းရိုး ခတ်လိုက်ပြီး ပိတ်မိနေတဲ့ ရွာသူရွာသားတွေကို သြဂုတ်လ ၈ ရက်မှာ ပြောင်းရွှေ့ ခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ထောင်စု ၃၅ စုနေထိုင်နေတဲ့ ဝက်မှေးရွာကို သြဂုတ်လ ၆ ရက် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးပိတ်ခတ်လိုက်တဲ့အချိန်မှာ မပြောင်းရွှေ့ဘဲ ဒေသခံ သုံးဆယ်ကျော် ကျန်ရှိနေတာပါ။

အဲဒီထဲက ဒေသခံခြောက်ဦးကို ဝမ်ပေါင်ကုမ္ပဏီက ဩဂုတ်လ ၈ ရက်နေ့ကခေါ်တွေ့ပြီး ပြောင်းရွှေ့ဖို့ ပြောဆိုခဲ့ပါတယ်။ မပြောင်းရွှေ့လို့ရှိရင် ဖြစ်လာတဲ့အကျိုးဆက်တွေကို တာဝန်မယူဘူးလို့လည်း ကုမ္ပဏီတာဝန်ရှိသူတွေဘက်က ပြောဆိုခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

"သူတို့ (ဝမ်ပေါင်) ဘက်ကတော့ ရွာရွှေ့။ မနက်ဖြန်ရက်ချိန်းပေးလိုက်တာ။ မနက်ဖြန်မှာအကြောင်းမပြန်ရင် သူတို့နဲ့ပတ်သက်စရာ မရှိတော့ဘူး။ ကိုယ်ဖြစ်ရင် ကိုယ်ခံပေါ့၊ သူတို့လုံးဝတာဝန်မယူဘူးလို့ပြောတယ်"

ဝမ်ပေါင်ကုမ္ပဏီက ခေါ်တွေ့တဲ့သူ ခြောက်ဦးကတော့ ရွာသားတွေနဲ့ ပြန်တိုင်ပင်ဦးမယ်လို့ ဝမ်ပေါင်ကုမ္ပဏီကို မနေ့ကပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဝက်မှေးရွာထဲက နေရာအတော်များများမှာ စစ်ကောင်စီတပ်သားတွေ နေရာယူထားပြီး ဒေသခံတွေကို ကြောက်လန့်ထွက်ပြေးအောင် ခြိမ်းခြောက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ စီမံကိန်းတွေလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီတွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေကို ချက်ချင်း ရပ်တန့်ဖို့ ဒေသခံသပိတ်အင်အားစု ၁၇ ဖွဲ့ကလည်း ဩဂုတ်လ ၇ ရက်က သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

ဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီတပ်တွေကို လက်ခံတပ်စွဲခွင့်ပေးထားပြီး ရိက္ခာ ထောက်ပံ့ပေးနေတာကို ဒေသခံတွေအနေနဲ့ လက်သင့်မခံနိုင်သလို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ လက်ပံတောင်းတောင်ဒေသ သပိတ်စစ်ကြောင်း ဦးဆောင်သူတစ်ဦးက RFA ကိုပြောပါတယ်။

ဝက်မှေးရွာမှာ ပိတ်မိနေတဲ့ဒေသခံတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးစောနိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။ ဒီအပြင် ၀မ်ပေါင်ကုမ္ပဏီကိုလည်း RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ဝက်မှေးရွာဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းထဲမှာပါဝင်ပြီး ပြီးခဲ့တဲ့ အစိုးရအဆက်ဆက် လက်ထက်ကတည်းက ရွာကိုခြံစည်းရိုးခတ်ဖို့ ဝမ်ပေါင်ကုမ္ပဏီက ကြိုးစားခဲ့ရာမှာ ရွာသားတွေက တားဆီးကန့်ကွက်ခဲ့တာကြောင့် အရင်ကခြံစည်းရိုး မခတ်နိုင်ခဲ့ပါဘူး။

လက်ပံတောင်းတောင်စီမံကိန်းကို ၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက ရပ်နားထားတယ်လို့ ကုမ္ပဏီကထုတ်ပြန်ထားပေမယ့် လုပ်ငန်းပြန်စဖို့ ပြင်ဆင်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းစတင်ခဲ့တဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဝက်မှေး၊ ကံတော၊ ဇီးတောနဲ့ ဆည်တဲ ရွာလေးရွာ နေရာရွှေ့ပြောင်းခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။