ပိတ်မိနေတဲ့ ဝက်မှေးဒေသခံတွေ စတင်ရွှေ့ပြောင်း

RFA Burmese
2023.08.18
ပိတ်မိနေတဲ့ ဝက်မှေးဒေသခံတွေ စတင်ရွှေ့ပြောင်း ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလက စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသရှိ မိုးကြိုးပြင်ရွာအား ဝမ်ပေါင်ကုမ္ပဏီဘက်မှ ခြံစည်းရိုးခတ်ရန် ပြင်ဆင်နေသည့် မြင်ကွင်း။
RFA

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ ဝက်မှေးရွာက ဒေသခံတချို့ စစ်ကောင်စီနဲ့ကုမ္ပဏီက ဖိအားပေးတာကြောင့် ဩဂုတ်လ ၁၈ ရက်နေ့က စတင်ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့နောက်ဆုံးထားပြီး ဖယ်ပေးဖို့နဲ့ မဖယ်ပေးရင် စက်ယန္တရားတွေနဲ့ ဖယ်ရှားမယ်လို့ ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်က လာရောက်ပြောဆိုခဲ့တယ်လို့ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်ကော်မတီက ဦးအောင်မင်းမင်းက RFA ကိုပြောပါတယ်။

ဝက်မှေးရွာက ဒေသခံခြောက်ဦးကို ဝမ်ပေါင်ကုမ္ပဏီက ဩဂုတ်လ ၈ ရက်နေ့ကခေါ်တွေ့ပြီး ပြောင်းရွှေ့ဖို့ ပြောဆိုခဲ့ပါတယ်။ မပြောင်းရွှေ့ရင် ဖြစ်လာတဲ့အကျိုးဆက်တွေကို တာဝန်မယူတဲ့အကြောင်းလည်း ကုမ္ပဏီတာဝန်ရှိသူတွေဘက်က ပြောဆိုခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောထားပါတယ်။

ဩဂုတ်လ ၈ ရက်နေ့မှာ ဝက်မှေးရွာကို ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်လိုက်တာပါ။

ဝက်မှေးဒေသခံတွေကို အခြေအနေအသေးစိတ် မေးမြန်းဖို့ ဆက်သွယ်ပေမယ့် ဖုန်းလိုင်းမကောင်းတာကြောင့် ဆက်သွယ်လို့မရသေးပါဘူး။

ဆားလင်းကြီးမြို့နယ်မှာ စီမံကိန်းတွေလုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီတွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေကို ချက်ချင်း ရပ်တန့်ဖို့ ဒေသခံသပိတ်အင်အားစု ၁၇ ဖွဲ့ကလည်း ဩဂုတ်လ ၇ ရက်က သဘောထားထုတ်ပြန်ခဲ့ပါတယ်။

ဝက်မှေးရွာသားတွေကို ရွှေ့ပြောင်းခိုင်းနေတယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။ ဝမ်ပေါင်ကုမ္ပဏီကိုလည်း RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။