ဝက်လက်မှာ အရပ်သားတစ်ဦးသေ၊ ဒေသခံ တစ်သောင်းနီးပါး ထွက်ပြေးနေရ

RFA Burmese
2023.08.25
ဝက်လက်မှာ အရပ်သားတစ်ဦးသေ၊ ဒေသခံ တစ်သောင်းနီးပါး ထွက်ပြေးနေရ နေရပ်စွန့်ခွာ ထွက်ပြေးလာကြသည့် ဝက်လက်မြို့နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။
ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ထန်းကြီးရွာကို ဩဂုတ်လ ၂၄ ရက် မနေ့က အင်အား တစ်ရာလောက်ပါတဲ့ စစ်ကောင်စီ တပ်စစ်ကြောင်းထိုးပြီးနောက် အရပ်သားတစ်ဦး သေဆုံးခဲ့သလို ဒေသခံ တစ်သောင်းနီးပါးလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လ ၂၄ ရက် မနက်က ထန်းကြီးရွာကို စစ်ကောင်စီတပ်က စီးနင်းမီးရှို့ပြီးနောက် ညနေပိုင်းမှာ ရွာထဲ ပြန်ဝင်ပြီး မီးငြှိမ်းဖို့ကြိုးစားတဲ့ အသက် ခြောက်ဆယ်အရွယ် ဦးမျိုးဝင်းဆိုသူဟာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တာ ခံရပြီးနောက်သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝက်လက်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“စစ်ကိုင်းမြို့နယ် ခက်ခ၊ စမွန်းအဲဒီ ရွာကနေ ဝက်လက်မြို့နယ်ဘက် ထန်းကြီးဘက်ကို စစ်ကြောင်းထိုးလာတာ။ အဓိကလာတာတော့ ရထားလမ်းပြင်ဖို့လာတာ။ ထန်းကြီးမှာကို မနက်ပိုင်းမီးရှို့တာ ညနေလောက်ကျတော့ ဆိုင်ကယ်သုံးစီး အရပ်သား ငါးဦးမီးဝင်ငြှိမ်းတာ။ ဦးမျိုးဝင်းကတော့ စစ်ကောင်စီတပ်ဘက်က ပစ်လို့သေသွားတယ်။ ကျန်တဲ့သူတွေလည်း ထိခိုက်ဒဏ်ရာရလို့ ဆေးကုနေတယ်”

စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ငါးရာလောက်ရှိတဲ့ ထန်းကြီးရွာ တစ်ရွာလုံး မီးလောင် ပျက်စီးနိုင်တယ်လို့ ဒေသခံတွေကပြောပေမယ့် မီးရှို့ခံရတဲ့ အိမ်အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ထန်းကြီးဘူတာနဲ့ ထန်းကြီးရွာထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့အကြား နှစ်ဖက်တိုက်ပွဲတွေ ဩဂုတ် ၂၅ ရက် ဒီနေ့အထိ ဆက်ပြီး ရှိနေတာကြောင့် ထိခိုက်မှု အသေးစိတ်ကို မသိရသေးဘူးလို့ ဝက်လက်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဝက်လက်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတာကြောင့် ထန်းကြီးရွာအပါအဝင် ရွာငါးရွာ နီးပါးက ဒေသခံ တစ်သောင်းကျော်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ နောက်ထပ် ဝက်လက်ဒေသခံ တစ်ဦးကလည်း RFA ကိုပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နေအိမ်တွေကို မီးရှို့တာဟာ PDF အဖွဲ့တွေရဲ့ လက်ချက်ဖြစ်ပြီး သူတို့အနေနဲ့ အရပ်သားတွေအပေါ် ထိခိုက်အောင် လုပ်စရာ အကြောင်းမရှိဘူးလို့ RFA ကို ယခင်က တုံ့ပြန်ပြောဆိုထားပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၄ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ သေဆုံးခဲ့တဲ့ အရပ်သား ၄,၀၀၄ ဦးအထိ ရှိလာနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။