ဝက်လက်မှာ ရွာလေးဆယ်က ဒေသခံတစ်သိန်းခန့် ထွက်ပြေးနေရ
2023.09.08

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းမှာ ရထားလမ်း လုံခြုံရေးကို အကြောင်းပြပြီး စစ်ကောင်စီတပ်က ဩဂုတ်လ နောက်ဆုံးပတ်ကစလို့ စစ်ကြောင်းခြောက်ခုနဲ့ နယ်မြေရှင်းလင်းနေတာကြောင့် ကျေးရွာပေါင်း လေးဆယ်က ဒေသခံတစ်သိန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာတွေဟာ ရုံပင်ကုန်း၊ ပဝင်းတပ်၊ မင်းကုန်းလေး၊ သုံးဆင့်၊ ကန်ဘဲ့၊ နဘဲပင်လှ၊ ညောင်ကန်၊ ချပ်ပြဲ၊ ဟလင်း၊ တောင်ချမ်းကုန်း၊ အင်ဒေါင်း၊ ကျွန်းတော်ကြီး၊ ကျွန်းတော်လေး၊ မင်းရွာတောင်၊ ရွာသာ၊ အင်ကြင်းပင်၊ ပလိုင်းကန်၊ အင်းဘဲ၊ ပိတောက်ခြုံ၊ နဘဲလှ၊ ဘုရားလေးကုန်း၊ ငါးကြင်းအိုင် စတဲ့ရွာတွေ အပါအဝင် ရွာပေါင်းလေးဆယ်က ဒေသခံတွေ ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီ ကျေးရွာတွေဟာ မီးရထားသံလမ်း တစ်လျှောက်က ရွာတွေဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
“သံလမ်းအရှေ့ဘက် တစ်ကြောလုံးပြေးနေရတာ အခုက။ အကုန်မွှေနေတယ်။ ထိတွေ့ တိုက်ပွဲဖြစ်နေတာတွေလည်း ရှိတယ်။ ပဝင်းတပ်တို့၊ ရုံပင်ကုန်းတို့ဘက် မလာခင် တောင်ဘက်ရွာတွေမှာ တိုက်ပွဲဖြစ်ကြသေးတယ်။ ဒေသခံတွေ ဖမ်းသွားတာတွေရော။ ပြန်လွှတ်တာရောရှိတယ်။ ဒီဘက်စစ်ကြောင်းကတော့ မိတဲ့သူတွေလည်း ပြန်လွတ်သွားတယ်။ တောင်ဘက်ကလာတဲ့ စစ်ကြောင်းကတော့ တွေ့တဲ့သူအကုန် သတ်တာတဲ့။ တောင်ဘက်မှာတော့ သေတာ တော်တော်များတယ်ဗျ။ ဒေသခံတွေ တော်တော်များများ သေတယ်။ သံလမ်းတစ်ကြော ရှေ့ဘက်၊ နောက်ဘက် ရွာတွေကတော့ တော်များများ သေကြတယ်ဗျ”
အဲဒီစစ်ကြောင်းတွေဟာ စက်တင်ဘာ ၆ ရက်နေ့က မင်းကုန်းလေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ရှိခဲ့သလို စက်တင်ဘာ ၇ ရက်နေ့မှာလည်း အိမ်ခြေ လေးရာခန့်ရှိတဲ့ ရုံပင်ကုန်းနဲ့ ပဝင်းတပ်ရွာတွေက နေအိမ်တွေကို မီးရှို့တာတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ မီးရှို့ခံရတဲ့ အိမ်အရေအတွက်ကို တိတိကျကျမသိရ သေးဘူးလို့လည်း သူကပြောပါတယ်။
စက်တင်ဘာ ၈ ရက် ဒီနေ့မှာတော့ စစ်ကိုင်းမြို့ဘက်က စစ်ကြောင်းထိုးတဲ့ စစ်ကြောင်းက ရထားလမ်းတွေ ဖျက်ဆီးခံထားရတဲ့ ပေါက်ကန်ဘူတာ အနီးအနားရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့လည်း နောက်ထပ် ဒေသခံတစ်ဦးကပြောပါတယ်။
“ပေါက်ကန်ရဲ့ တောင်ဘက်မှာ ရထားနှစ်စီးဆိုက်ထားတယ်။ ရှေ့ကိုတိုးလို့မရလို့ ရထားလမ်းက ဖျက်ထားတာ။ အဲရှေ့တစ်ကြောမှာလည်း လမ်းတွေပြင်နေကြတယ်”
စစ်ကောင်စီတပ်က အခုလို စစ်ကြောင်းထိုးနေတာ ၁၄ ရက်ခန့် ရှိနေပြီလို့လည်း သူကပြောပါတယ်။
ဒေသခံတွေဟာ စစ်ကြောင်းပြန်ထွက်သွားချိန် ရွာထဲကို ပြန်ဝင်တဲ့ သူတွေရှိပေမယ့် အများစုကတော့ တောတွေနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA ကဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်အာဏာ သိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ခြောက်သန်းကျော် ရှိနေပါတယ်။