ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာလေးရွာကို စီးနင်းမီးရှို့
2023.09.09
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စက်တင်ဘာလ ၅ ရက်ကနေ စက်တင်ဘာလ ၉ ရက်နေ့အထိ ငါးရက်အတွင်း စစ်ကောင်စီတပ်က ကျေးရွာလေးရွာကို စီးနင်းမီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စီးနင်းမီးရှို့မှုကြောင့် နေအိမ် တစ်ရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေ ကပြောပါတယ်။
စက်တင်ဘာလ ၉ ရက်ဒီနေ့မှာတော့ ပေါက်ကန်ရွာကို စီးနင်းမီးရှို့နေပြီး ပြီးခဲ့တဲ့ ရက်တွေကတော့ စခန်းသာ၊ ဆားတောင်ကြီး နဲ့ ပဝင်းတပ်ရွာတွေကို မီးရှို့ခဲ့တာလို့ ဝက်လက်မြို့နယ် လူထုတိုက်ပွဲ သပိတ်ဦးဆောင်ကော်မတီဝင် ကိုငြိမ်းချမ်းနိုင်က RFA ကို ပြောပါတယ်။
"မန္တလေးနန်းတွင်းက တပ်ပါတယ်။ ရေလမ်းကရော၊ တပ်မ ၃၃ ကော၊ ကျောက်မြောင်းတပ် (ဝက်လက်မြောက်ပိုင်း) သုံးတပ်လောက် ပေါင်းဝင်တယ်။ ပဝင်းတပ်ရွာကို မီးရှို့ပြီးတော့ ပေါက်ကန်ကို ပြန်ခေါက်ပြီး ဒီနေ့ ပေါက်ကန်ကို ၉ နာရီခွဲလောက်ကစ မီးရှို့နေတာ"
စက်တင်ဘာလ ၅ ရက် မီးရှို့ခံခဲ့ရတဲ့ စခန်းသာရွာမှာတော့ နေအိမ် တစ်ရာဝန်းကျင် ပျက်စီးခဲ့ပြီး၊ စက်တင်ဘာလ ၇ ရက်က မီးရှို့ခံခဲ့ရတဲ့ ပဝင်းတပ်ရွာမှာ နေအိမ် ၁၁ လုံးဝန်းကျင် မီးလောင်ပျက်ဆီးခဲ့တယ်လို့ သူက ပြောပါတယ်။
ပေါက်ကန်ရွာနဲ့ ဆားတောင်ကြီးရွာက မီးလောင်ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ သူက ပြောပါတယ်။
လက်ရှိမှာ မီးရှို့ခံရတဲ့ ရွာတွေ အပါအဝင် ရုံပင်ကုန်း၊ ပဝင်းတပ်၊ မင်းကုန်းလေး၊ သုံးဆင့်၊ ကန်ဘဲ့၊ နဘဲပင်လှ၊ ညောင်ကန်၊ ချပ်ပြဲ၊ ဟလင်း၊ တောင်ချမ်းကုန်း၊ အင်ဒေါင်း၊ ကျွန်းတော်ကြီး၊ ကျွန်းတော်လေး၊ မင်းရွာတောင်၊ ရွာသာ၊ အင်ကြင်းပင်၊ ပလိုင်းကန်၊ အင်းဘဲ၊ ပိတောက်ခြုံ၊ နဘဲလှ၊ ဘုရားလေးကုန်း၊ ငါးကြင်းအိုင် စတဲ့ရွာပေါင်း လေးဆယ်နီးပါးက ဒေသခံတွေ ထွက်ပြေးနေရပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းသယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA ကဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA) ရဲ့ စက်တင်ဘာလ ၈ ရက်ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် အရပ်သားတွေရဲ့ နေအိမ်နဲ့ အဆောက်အအုံပေါင်း ၇၅၀၀၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဖော်ပြထားပါတယ်။