မြန်မာနိုင်ငံသားတွေကိုကူညီဖို့ နိုင်ငံတကာကို WFP အကြီးအကဲပန်ကြား
2024.03.14
မြန်မာနိုင်ငံရဲ့လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေဟာ အလျင်အမြန်ယိုယွင်းပျက်စီးနေသလို၊ နိုင်ငံသားတွေဟာ အံ့ဩစရာကောင်းလောက်အောင် ဒုက္ခခါးစည်းခံနိုင်စွမ်းရှိတာကို သူ့ရဲ့ခရီးစဉ်အတွင်း တွေ့ခဲ့ရတဲ့အကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူး ကားလ်စကူး (Carl Skau) ကပြောလိုက်ပါတယ်။
ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အတူလက်တွဲပြီးကူညီကြဖို့ မြန်မာပြည်က အပြန်မှာ သူကတိုက်တွန်းလိုက်ပါတယ်။
မစ္စတာ စကူး ဟာ မတ် ၁၁ ရက်ကနေ ၁၃ ရက်အထိမြန်မာပြည်ကိုသွားရောက်လေ့လာခဲ့သလို၊ မတ်လ ၁၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့ပါတယ်။
လူသားချင်းစာနာမှုအကူအညီကို ဘယ်နေရာမှာဖြစ်ဖြစ် လိုအပ်နေတဲ့သူတွေအားလုံးဆီရောက်အောင် အမြန်ဆုံးပို့ရမယ်ဆိုတဲ့အကြောင်း အဲဒီတွေ့ဆုံပွဲမှာ ရှင်းရှင်းလင်းလင်းမေတ္တာရပ်ခံခဲ့တယ်လို့ သူက ပြောပါတယ်။
အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေ၊ ဒုက္ခရောက်နေတဲ့သူတွေကို လက်တွေ့ကူညီနေတဲ့ စေတနာဝန်ထမ်းအဖွဲ့တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။ အဲဒီအဖွဲ့တွေဟာ ဒုက္ခခံပြီးအကူအညီပေးနိုင်စွမ်းရှိတာ တွေ့ရပေမဲ့၊ ခက်ခဲတဲ့နေရာတွေမှာသူတို့ဆက်ပြီးကူညီနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ပံ့ပိုးမှု လိုအပ်တယ်လို့လည်း WFP အကြီးအကဲကပြောပါတယ်။
WFP အနေနဲ့လည်း လူ ၂ သန်းကျော်ဆီအကူအညီရောက်အောင်ဆက်လက်ဆောင်ရွက်နေသလို၊ ပြည်တွင်းဝန်ထမ်းအနေနဲ့အကျပ်အတည်းတွေကြားမှာနေပြီး အလုပ်လုပ်နေတယ်လို့ဆိုပါတယ်။