ရာဂီမုန်တိုင်းသင့် ပြည်သူတွေအတွက် WFP အကူအညီ စတင်မည်
2024.09.18
မြန်မာနိုင်ငံမှာ ရာဂီမုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် အခုသီတင်းပတ်အတွင်းမှာပဲ အကူအညီတွေ စတင်ပေးအပ်သွားမယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က စက်တင်ဘာလ ၁၈ ရက် ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။
WFP အနေနဲ့ မြန်မာနိုင်ငံတစ်ဝန်း ရေဘေးတုံ့ပြန်ရေးအကူအညီတွေကို ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ ပေးအပ်နေတာဖြစ်ပြီး အခုတော့ အကူအညီတွေကို သိသိသာသာ တိုးချဲ့ပေးအပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
မြန်မာနိုင်ငံမှာ စက်တင်ဘာ ၁၁ ရက်နေ့က စတင်ဝင်ရောက်ခဲ့တဲ့ ရာဂီ မုန်တိုင်းကြောင့် နေပြည်တော်အပါအဝင် ကရင်၊ ကယား၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ မိုးကြီးတာ၊ ရေကြီးရေလျှံတာ၊ မြေပြိုတာတွေနဲ့ ကြုံခဲ့ရပြီး လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ကြရသလို နိုင်ငံတစ်ဝန်း အနည်းဆုံး လူပေါင်း ခြောက်သိန်းကျော် ဘေးသင့်ခဲ့ကြရတာပါ။
ဒီမုန်တိုင်းကြောင့်ဖြစ်ခဲ့ရတဲ့ ရေဘေးဟာ မြန်မာ့ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးဖြစ်တယ်လို့လည်း WFP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ဒီရေဘေးရဲ့ စားနပ်ရိက္ခာဖူလုံမှုအပေါ် သက်ရောက်မှုက အင်မတန် ပြင်းထန်ဆိုးရွားလှပါတယ်။ ရေကြီးမှုတွေ မဖြစ်ပွားခင် သြဂုတ်လမှာကတည်းက မြန်မာနိုင်ငံမှာ လူဦးရေပေါင်း ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုကို ကြုံတွေ့နေရတာပါ။ အခုလို တိုးပွားလာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်မတို့ဝန်ထမ်းအဖွဲ့တွေဟာ အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်နေကြပါတယ်” လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Sheela Matthew က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
WFP အနေနဲ့ ရေဘေးသင့်ပြည်သူ ငါးသိန်းခန့်အတွက် ဆန်၊ အားဖြည့် ဘီစကစ်တွေနဲ့ အာဟာရ အထောက် အပံ့တွေ ပါဝင်တဲ့ တစ်လစာ စားနပ်ရိက္ခာများကို တိုက်ရိုက်ဖြန့်ဝေ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် တစ်ချိန်တည်းမှာပဲ WFP ဝန်ထမ်းအဖွဲ့တွေဟာ ရေဘေးသက်ရောက်နေတဲ့ သီးနှံစိုက်ပျိုးရေး၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်းတွေနဲ့ စားနပ်ရိက္ခာ အခြေအနေတွေကိုပါ အကဲဖြတ်လေ့လာနေတယ်လို့ WFP ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။