ပတ်ဝန်းကျင်နဲ့ ဆက်စပ်တဲ့ ရောဂါပိုအဖြစ်များလို့ WHO ပြောကြား

2022.04.10
Share on WhatsApp
Share on WhatsApp
ပတ်ဝန်းကျင်နဲ့ ဆက်စပ်တဲ့ ရောဂါပိုအဖြစ်များလို့ WHO ပြောကြား တရုတ်နိုင်ငံ ပေကျင်းမြို့မှာ နှာခေါင်းတို့ဖတ်ယူရန် စောင့်ဆိုင်းနေသူများကို ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: AFP

၂၀၁၉ နှစ်ကုန်ပိုင်းက စတင်ဖြစ်ပွားတဲ့ covid-19 ကပ်ရောဂါသာ မကူးစက်ရင် ဒီထက်မက အသက်ရှည်ရှည် နေနိုင်ပါသေးရက် လူ့အသက်တွေ ဆုံးပါးရပါတယ်။

နိုင်ငံတကာ သုတေသီတွေပြုစုတဲ့ WorldOMeter စာရင်းမှာ ဒီနှစ် ဧပြီ ပထမ သီတင်းပတ်ထိ ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်ကပ်ရောဂါကြောင့် လူ ခြောက်သန်းကျော် သေဆုံးရပြီလို့ ဖော်ပြထားပါတယ်။ ကိုဗစ်ကြောင့် အပြောင်းအလဲတွေ ဖြစ်ရပါတယ်။

ဧပြီ ၇ ရက်ဟာ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့နေ့ဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကြောင့် လူသားတွေ ထိခိုက်ခဲ့ရတာကို ဗွီဒီယိုကနေ လူတွေ အလုပ်အကိုင်တွေ၊ ကျန်းမာရေး၊ ချစ်ခင်သူတွေ ဆုံးရှုံးရပါတယ်။ ကလေးတွေလည်း စာကို ပုံစံအမျိုးမျိုးနဲ့ သင်ကြားရတယ်။ ဒါမှမဟုတ် စာမသင်ကြားရတော့ဘူးလို့ ပြောပါတယ်။

ကမ္ဘာမှာ အမေရိကန်ပြည်ထောင်စုဟာ ကိုဗစ်ကပ်ရောဂါကြောင့် လူအများဆုံးသေဆုံးရတဲ့ နိုင်ငံဖြစ်ပြီး လူ တစ်သန်းကျော် ဆုံးပါးသွားပြီးလည်းဖြစ်ပါတယ်။

ဝါရှင်တန်ဒီစီမှာ သေဆုံးသူတစ်ယောက် အလံဖြူတစ်လက်နှုန်းနဲ့ မနှစ်က စက်တင်ဘာမှာ အောက်မေ့ဖွယ်အထိမ်းအမှတ် ခင်းကျင်းပြသတဲ့အခါ လေအလွင့်မှာ အလံဖြူတွေ တလူလူနဲ့ မျက်စိတစ်ဆုံးမြင်ရပါတယ်။ ဒါဟာ ရောဂါကပ်ဘေးကြောင့် အချိန်မတိုင်ခင် လူ့အသက်တွေ ဆုံးပါးရတဲ့ သင်္ကေတ သဘောလည်း ဆောင်ပါတယ်။

ဒီလို ကပ်ရောဂါဖြစ်နေတဲ့ကြားက ပတ်ဝန်းကျင်ညစ်ညမ်းတဲ့ ကမ္ဘာမှာ ကင်ဆာ၊ ပန်းနာရင်ကျပ်၊ နှလုံးရောဂါတွေ ပိုအဖြစ်များလာတယ်လို့ WHO ကပြောပါတယ်။

ရှောင်လွှဲလို့ ရနိုင်လျက်က သဘာဝပတ်ဝန်းကျင်နဲ့ ဆက်စပ်ဖြစ်ပွားရတဲ့ အကြောင်းချင်းရာ တွေကြောင့် ကမ္ဘာမှာ နှစ်စဉ် လူ ၁၃ သန်းကျော်သေဆုံးရတယ်လို့ WHO က ခန့်မှန်း ပါတယ်။ ဒီထဲ ရာသီဥတု ပြဿနာက လူသားတွေ ရင်ဆိုင်နေရတဲ့ တစ်ခုတည်းသောနဲ့ အကြီးမားဆုံး အန္တရာယ်လို့ ပြောပါတယ်။ ရာသီဥတုပြဿနာဟာ ကျန်းမာရေး ပြဿနာပါပဲလို့လည်း ဆိုပါတယ်။

ရေနံနဲ့ ကျောက်မီးသွေးလို ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းလို့ လေထု အရည်အသွေးက ကျန်းမာရေးနဲ့ မညီညွတ်ဘဲ လူ ၉၀ % ကျော်ဟာ အဲဒီလေကို ရှူရှိုက်နေရတယ်လို့ WHO က ပြောပါတယ်။

ကားမီးခိုးတွေ၊ စက်ရုံတွေက ထုတ်လွှင့်တဲ့ အခိုးအငွေ့တွေကို ရှူနေရတဲ့ သဘောလည်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်မှာဆိုရင် တီကျစ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံနဲ့ ကျောက်မီးသွေး မိုင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းရပါတယ်။

ဒီလိုစက်ရုံတွေမှာသုံးတဲ့ ကျောက်မီးသွေး လောင်ကျွမ်းရာက ကမ္ဘာကြီး ပူနွေးရတယ် လို့လည်း ပညာရှင်တွေက ပြောနေတာပါ။

ဒီလိုပူနွေးတဲ့ ကမ္ဘာကြီးမှာ ခြင်တွေက အရင်ကထက်ပိုလို့ ရောဂါမြန်မြန်ဆန်ဆန် ဖြစ်ပွားစေတယ်လို့ WHO က ပြောပါတယ်။ ရာသီဥတု ပြင်းထန်တာတွေ၊ မြေအရည်အသွေး ညံ့ဖျင်းလာတာတွေ၊ ရေရှားပါး ပြတ်လပ်တာတွေကြောင့် လူတွေဟာ နေရင်းအရပ်မှာ နေထိုင်လို့ မရဘဲ နေရပ်က စွန့်ခွာရမယ့်အပြင် ကျန်းမာရေးလည်း ယိုယွင်းမယ်လို့ ပြောပါတယ်။
ကမ္ဘာ့ အနက်ရှိုင်းဆုံး သမုဒ္ဒရာအောက်ခြေနဲ့ အမြင့်မားဆုံး တောင်တန်းတွေ ညစ်ညမ်းနေပြီး ပလတ်စတစ်အမှိုက်တွေလည်း တွေ့ရတယ်လို့လည်းဆိုပါတယ်။ ဒါတွေဟာ အစာကွင်းဆက်ကို သွားထိခိုက်ပြန်ပါတယ်။

ငါးသေးငါးမွှားတွေဟာ ပလတ်စတစ် အစအနတွေကို အစာလို့ ထင်မှတ်ပြီး စားတတ် ကြပါတယ်။ အဲဒီ ငါးသေးငါးမွှားကို ငါးအလတ်ကစား၊ ငါးအလတ်ကို ငါးကြီးက စား၊ ငါးရွယ်ငါးလတ်၊ ငါးကြီးကို လူတွေက စားတဲ့ အစာကွင်းဆက်အရ ကျန်းမာရေး ထိခိုက်တဲ့ ပလတ်စတစ်စကို လူက စားမိရက်သားဖြစ်သွားပါတယ်။

ဒီလို အစာကွင်းဆက်သာမက ဓာတုပစ္စည်း အတော်များများသုံးပြီး တာရှည်ခံအောင် ထုတ်လုပ်တဲ့ အစားအသောက်တွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေနဲ့ အချိုရည်တွေက လူ့ခန္ဓာကိုယ်ဝဖြိုးပြီး ကင်ဆာနဲ့ နှလုံးရောဂါဖြစ်ပွားစေတယ်လို့ WHO က သတိပေးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။