မိုးကောင်းမြို့က အဖမ်းခံရသူ အမျိုးသမီးတစ်ဦး စစ်ကြောရေးမှာ သေဆုံး

RFA Burmese
2023.09.13
မိုးကောင်းမြို့က အဖမ်းခံရသူ အမျိုးသမီးတစ်ဦး စစ်ကြောရေးမှာ သေဆုံး စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းခံရမှုကြောင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့က သေဆုံးခဲ့သည့် မိုးကောင်းမြို့ ဇင်ယော် စက်သုံးဆီဆိုင် ပိုင်ရှင် ဒေါ်ခင်မာဆွေ။
Citizen Journalist

ဒေသကာကွယ်ရေးတပ် PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  ဖမ်းဆီးခံထား ရတဲ့ ကချင်ပြည်နယ်၊ မိုးကောင်းမြို့က စက်သုံးဆီဆိုင်ပိုင်ရှင် ဇနီးမောင်နှံ နှစ်ဦးအနက်၊ ဇနီးဖြစ်သူ ဒေါ်ခင်မာဆွေ ဟာ စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းခံရမှုကြောင့် စက်တင်ဘာ ၁၂ ရက် မနေ့က သေဆုံးသွားပြီလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အသက် ၄၀ ကျော်အရွယ်  ဦးမိုးကျော်နဲ့ ဒေါ်ခင်မာဆွေတို့ဟာ မိုးကောင်းမြို့မှာတင် စက်သုံးဆီအရောင်းဆိုင် သုံးဆိုင်ရှိပြီး စီးပွားရေးတောင့်တင်းသူတွေ ဖြစ်ပါတယ်။

သူတို့ဟာ စစ်တပ်အာဏာမသိမ်းခင်က NLD ပါတီကို ထောက်ခံသူတွေဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးနဲ့ မပတ်သက်ဘဲ ရိုးရိုးသားသားနေထိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေသာ ဖြစ်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။ 

စက်တင်ဘာ ၂ ရက်နေ့ ညကတော့ ရဲနဲ့ စစ်သားအများအပြား မိုးကောင်းမြို့ပေါ်က သူတို့ပိုင်ဆိုင်တဲ့ ဇင်ယော် စက်သုံးဆီဆိုင်ကို ဝင်ရောက်စီးနင်းပြီး ဆိုင်ဝန်ထမ်း ၂၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ နောက်တစ်ရက် စက်တင်ဘာ ၃ ရက်နေ့မှာ ပိုင်ရှင် ဦးမိုးကျော်တို့ ဇနီးမောင်နှံကို ထပ်မံ ဖမ်းဆီးခဲ့တာပါ။

အခု ၁၀ ရက်နီးပါး အကြာမှာတော့ ဇနီးဖြစ်သူ ဒေါ်ခင်မာဆွေ သေဆုံးသွားပြီ၊ အလောင်းလာယူပါလို့ မိုးကောင်းရဲစခန်းက အကြောင်းကြားလာတဲ့အတွက် ကျန်ရစ်တဲ့ မိသားစုတွေက ပရဟိတအဖွဲ့တွေရဲ့ အကူအညီနဲ့ မနေ့က ချက်ချင်း သင်္ဂြိုဟ်လိုက်ပြီလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ် ခင်မာဆွေကို မနေ့က သင်္ဂြိုဟ်လိုက်ပြီး မိသားစုက ဒီနေ့ ရက်လည်ဆွမ်းသွတ် လုပ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို  ပြောပါတယ်။

“သေဆုံးပြီ၊ သင်္ဂြိုဟ်လိုက်ရပါပြီ။  မိသားစုက ပရဟိတအသင်းကို အကူအညီ တောင်းတယ်၊ အာဏာပိုင်တွေက အလောင်းကို ဖွင့်မကြည့်ခိုင်းဘူး။ ဒါကြောင့် အလောင်းက ဘယ်ပုံစံဖြစ်နေလဲ မသိရဘူး။ ချက်ချင်း သင်္ဂြိုဟ်ခိုင်းလို့ သုသာန်ကို တစ်ခါတည်း သယ်လာခဲ့ရတယ်။ သယ်လာတဲ့အတိုင်း တန်းပြီး သင်္ဂြိုဟ်ခိုင်းတာ။ မိသားစုတွေက ဒီနေ့တော့ ဆွမ်းသွတ်တာပေါ့။ ခင်ပွန်းကလည်း အခုထိ စစ်ကြောရေးမှာပဲ ဖမ်းပြီးကတည်းက အဆက်အသွယ်ကို မရတော့တာ”  

ဦးမိုးကျော်တို့ ဇနီးမောင်နှံကို စက်တင်ဘာ ၁၁ ရက်နေ့က ရမန်ယူပြီး ဆက်လက်ချုပ်နှောင် ထားတယ်လို့ သတင်းကြားတာကြောင့်   မိသားစုက ရဲစခန်းကိုသွားပြီး အဝတ်အထည်နဲ့ စားစရာတချို့ သွားပို့ခဲ့ပေမယ့် နှစ်ဦးစလုံးကို တွေ့ခွင့်မရခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့မှာပဲ ဒေါ်ခင်မာဆွေ သေဆုံးသွားတာကို သိခဲ့ရပြီး၊ ခင်ပွန်း ဦးမိုးကျော်ရဲ့ အခြေအနေကိုတော့ အခုချိန်ထိ ဘာမှ မသိရ၊ မကြားရဘူးလို့ သူက ဆိုပါတယ်။ စက်တင်ဘာ ၂ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတဲ့ ဆိုင်အလုပ်သမား ၂၀ ကျော်လည်း ဒီနေ့ထိ ပြန်မလွတ်သေးဘူးလို့ ပြောပါတယ်။

ဦးမိုးကျော်တို့ ဇနီးမောင်နှံ  ပိုင်ဆိုင်တဲ့ စက်သုံးဆီဆိုင် သုံးဆိုင်အနက် စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့ စစ်သားတွေ ဝင်ရောက်စီးနင်းချိန်မှာ နှစ်ဆိုင် ဖျက်ဆီးခံရပြီး၊ ကျန်တစ်ဆိုင်ကိုလည်း မဖွင့်နိုင်ဘဲ ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးထဲ ရောက်နေတာကြောင့် မဖြေနိုင်သေးဘူးလို့သာ တုံ့ပြန်ပါတယ်။

ဩဂုတ်လ ၂၅ ရက်နေ့ကလည်း  မိုးကောင်းမြို့က အသက် ၄၀ ကျော်အရွယ် ဦး၀ဘော်တန်ဂွမ်း၊ ဇနီးနဲ့ သား ဖြစ်သူတို့ သုံးဦး အဖမ်းခံရပြီး၊  ဦး၀ဘော်တန်ဂွမ်း ဟာ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ၂၄ နာရီအတွင်း စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။ ကျန်နှစ်ဦးရဲ့ အခြေအနေကို အတိအကျ မသိရသေးပါဘူး။ သူတို့ကိုတော့ ကချင် လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ပတ်သက် ဆက်နွှယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

ဩဂုတ်နဲ့ စက်တင်ဘာ နှစ်လအတွင်း မိုးကောင်းမြို့နယ်တစ်ခုလုံးကနေ KIA၊ PDF ကို ငွေကြေးထောက်ပံ့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၈၀ ခန့် အဖမ်းခံခဲ့ရပြီး အဲဒီအထဲက သုံးယောက်သာ ပြန်လွတ်လာသေး တယ်လို့  ဒီဖြစ်ရပ်တွေကို စောင့်ကြည့်မှတ်တမ်း တင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးသမားတစ်ဦးက RFA ကို ပြောပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။