မေလအတွင်း အမျိုးသမီး ၂၉ ဦးသေဆုံး၊ ၁၄ ဦးက မီးရှို့သတ်ဖြတ်ခံခဲ့ရ
2023.06.04
၂၀၂၃ ခုနှစ်၊ မေလတစ်လအတွင်း စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်တာခံခဲ့တာကြောင့် နိုင်ငံတစ်ဝန်းက အမျိုးသမီး ၂၉ ဦးသေဆုံးခဲ့ပြီး အဲဒီအထဲက အမျိုးသမီး ၁၄ ဦးကတော့ မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးများသမဂ္ဂ (BWU) က ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သတ်ဖြတ်ခံခဲ့ရတဲ့အမျိုးသမီးတွေဟာ ပဲခူး၊ စစ်ကိုင်း၊ မန္တလေး၊ ကယား စတဲ့ဒေသတွေက ဖြစ်ပြီး အများဆုံးဒေသကတော့ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
မီးရှို့သတ်ဖြတ်ခံရတဲ့အမျိုးသမီး ၁၄ ဦးကတော့ ပဲခူး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းကဖြစ်ပြီး နေအိမ်တွေထဲ ဝင်ရောက်စီးနင်းချိန် ဖမ်းဆီးခံရပြီးမှ မီးရှို့သတ်ဖြတ်ခံခဲ့ရတာလို့ မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့က တွဲဘက်အတွင်းရေးမှူး (၁) မဇူးပုဒုမ္မာက RFA ကို ပြောပါတယ်။
"စစ်ကောင်စီတပ်ဟာ အမျိုးသား၊ အမျိုးသမီးမခွဲခြားဘဲ အခုနောက်ပိုင်း ဖမ်းဆီး သတ်ဖြတ်ခဲ့တာတွေ လုပ်ပါတယ်။ မြို့ရွာတွေ၊ ရပ်ကွက်တွေကို စီးနင်းချိန်မှာဖမ်းဆီးပြီး နေအိမ်တွေအထဲမှာမီးရှို့သတ်ဖြတ်လို့ အသက်ဆုံးရှုံးခဲ့ရတဲ့အမျိုးသမီးတွေ ဖြစ်ပါတယ်။ အခုနောက်ပိုင်း အမျိုးသမီးတွေကို စစ်ကောင်စီက ပစ်မှတ်ထားဖိနှိပ်လာတာ တွေ့ရပါတယ်။ သတ်ဖြတ်တဲ့အခါလည်း လူစိတ်ကင်းမဲ့စွာ သတ်ဖြတ်ခံခဲ့ရပါတယ်"
ဒီအခြေအနေတွေဟာ လက်သင့်ခံနိုင်စရာမရှိတာကြောင့် စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အမှုမှန်ပေါ်ပေါက်ဖို့ တခြားသောအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်မယ်လို့ သူကပြောပါတယ်။
မေလအတွင်းသေဆုံးခဲ့တဲ့ အမျိုးသမီး ၂၉ ဦးထဲမှာ ရှစ်ဦးက လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးတာ၊ နောက်ထပ် ခြောက်ဦးက ပစ်သတ်ခံခဲ့ရတာနဲ့ တစ်ဦးကတော့ လက်နက်ကြီး ထိမှန်လို့ သေဆုံးခဲ့ရတာပါ။
အာဏာသိမ်းနှစ်နှစ်ကျော်ကာလအတွင်းမှာ အမျိုးသမီး ၅၄၂ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ ၃၅၁၇ ဦးနဲ့ ထောင်ဒဏ်ချမှတ်ခံရသူ ၈၅၉ ဦးအထိရှိလာပြီလို့ မြန်မာ့အမျိုးသမီးများသမဂ္ဂ (BWU) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။