စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၇၀ ဦး သေဆုံးခဲ့ကြောင်း BWU ထုတ်ပြန်
2024.09.05
[Update: 11: 10 PM, Sep 5, 2024]
နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဩဂုတ်လအတွင်း အမျိုးသမီး ၇၀ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ စစ်ကောင်စီဘက်က လက်နက်ကြီးကြောင့် အမျိုးသမီး ၃၀ ဦး၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၂၆ ဦး၊ ပစ်ခတ်မှုကြောင့် ခြောက်ဦး၊ အကြောင်းမဲ့ သတ်ဖြတ်မှုကြောင့် လေးဦးနဲ့ မြေမြှုပ်မိုင်းကြောင့် နှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင့် လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ မြေမြှုပ်မိုင်းစတာတွေကြောင့် အမျိုးသမီး ၅၉ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
BWUထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
BWU စာရင်းအရ သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းက ၁၄ ဦးနဲ့ အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းမှာလည်း သေဆုံးသူတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ်လအတွင်း အမျိုးသမီး ခုနစ်ဦးလည်း စစ်ကောင်စီရဲ့ အကြောင်းမဲ့ ဖမ်းဆီးတာ ခံခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ဩဂုတ်လကုန်အထိ အမျိုးသမီး ငါးထောင်ကျော် (၅၆၄၉) ဖမ်းဆီးခံရပြီး လေးထောင်ကျော် (၄၀၂၉) ဟာ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရတယ်လို့လည်း ဆိုပါတယ်။
(မှတ်ချက်။ WLB မှ ကြေညာချက်ထုတ်ပြန်သည်ဟု ရေးသားထားမှုအစား BWU မှ ထုတ်ပြန်သည်ဟု ပြင်ဆင်ထားပါသည်။)