ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့ မဲဆောက်မြို့ မြန်မာများ ကျင်းပ


2014.12.01

ဒီနေ့ဟာ ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့ ဖြစ်တဲ့အတွက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသထဲက ကျန်းမာရေးနဲ့ ပညာရေးလုပ်ဆောင်နေတဲ့ လူထုအခြေပြု အဖွဲ့အစည်းဝင်တွေပူးပေါင်းပြီး အခမ်းအနား တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ကျန်းမာရေး အသိပညာပေး နှိုးဆော်တဲ့အနေနဲ့ လူအင်အား တစ်ထောင်နီးပါးလောက်ဟာ မဲဆောက်မြို့မ ရဲစခန်းကနေ မယ်တော်ဆေးခန်းအထိ HIV / AIDS ပတ်သက်တဲ့ အသိပညာပေး လက်ကိုင်ပိုစတာတွေနဲ့ ဗွီနိုင်းတွေ ကိုင်ဆောင်ပြီးလမ်းလျှောက် ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

မဲဆောက်မြို့တွင်း ပြည်သူတွေကို ကွန်ဒုံးနဲ့ HIV ၊ AIDS ပညာပေး လက်ကမ်းစာစောင်ပေးဝေခဲ့ပြီး၊ မယ်တော် ဆေးခန်းရောက်တဲ့အခါမှာ ကမ္ဘာ့အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

နှစ်စဉ် သွေးစစ်ဆေးမှု ခံယူတဲ့သူတွေထဲကနေ HIV ပိုးကူးစက်ခံရတဲ့ စစ်ဆေးတွေ့ရှိမှုတွေနဲ့ ပတ်သက်လို့ မယ်တော်ဆေးခန်း ပြင်ပလူထုကျန်းမာရေးဌာနရဲ့မန်နေဂျာ စောသန်းလွင် က ပြောပါတယ်။

"ကူးတယ်ဆိုတာ ၁ဝဝ မှာဆို ၁၅ ယောက် အရင်တုန်းက ၁ဝဝဝ မှာဆို၂ဝဝ ကျော်တယ်လေ ၊ နောက်တော့ ကိုယ်ဝန်ဆောင်မှာဆိုရင် ၁ ဒဿမ ၅ လောက်ရှိတယ်ပေါ့နော်၊ ကိုယ်ဝန်ဆောင် လေးထောင် ငါးထောင်မှာ ၅၀ ကျော်လောက်ရှိတယ်။ နှစ်ခုလုံးပေါင်းရင် တစ်နှစ်ကို ၃ဝဝ လောက်ရှိတယ်၊ ကောင်းကောင်း မွန်မွန်ကာကွယ်မယ်ဆိုရင် ဒီရောဂါက ကျဆင်းသွားဖို့ ရှိပါတယ်၊ နောက်တစ်ခု အရေးကြီးတာကတော့ ARV ကို လူတိုင်းရဖို့လိုတာပေါ့နော်၊ ARV ရနိုင်မှ ရောဂါကူးစက်မှုကို ကျဆင်းမှုဖြစ်တာပေါ့"

မြန်မာအလုပ်သမားတွေကြားမှာ HIV ပိုးကူးစက်ခံရသူတွေဟာ ဆေးဝါးကုသမှုခံယူနေစဉ် အတွင်းမှာ ရွှေ့ပြောင်း သွားကြတဲ့ ဘဝအခြေအနေကြောင့် တချို့ရောဂါပိုးရှိသူတွေဟာ ဆေးခန်းတွေနဲ့ လက်လှမ်းမမီ တဲ့နေရာတွေ ကို ရောက်ရှိသွားပြီး နောက်တနေရာမှာ လိင်ဆက်ဆံဖို့ အဖေါ်အသစ်ရတဲ့အခါမှာ အဲဒီလိင်ဖော် အသစ်ကို ကူးစက်နိုင်တဲ့ အန္တရာယ်ရှိနေတာမျိုးတွေလည်း တွေ့ရတယ်လို့ စောသန်းလွင်က ဆက်လက်ပြောပြ ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသတွင်းက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကြားမှာ HIV ပိုး ကူးစက်ခံရသူ အရေအတွက်ဟာ လူ တစ်ထောင် သွေးလာစစ်ရင် ၂၅၀ လောက်အထိ ကူးစက်ခံရတာ စစ်ဆေးတွေ့ရှိနေရပြီး အများစုဟာ လိင်ဆက်ဆံရာကနေ ကူးဆက်တာဖြစ်တယ်လို့  ထိုင်း ကျန်းမာရေး အဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။