ရွှေကူမြို့နယ် ရေလဲရွာက ဒေသခံ ငါးဆယ်နီးပါး ဖမ်းဆီးခံရ

RFA Burmese
2023.09.19
ရွှေကူမြို့နယ် ရေလဲရွာက ဒေသခံ ငါးဆယ်နီးပါး ဖမ်းဆီးခံရ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရေလဲရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ် ရွှေကူမြို့နယ် ရေလဲရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၈ ရက် မနေ့က ဝင်ရောက်စီးနင်းပြီး အရပ်သား ငါးဆယ်နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကသာမြို့နယ်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ရွှေကူမြို့နယ်ဘက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောခြောက်စင်းဟာ  မြစ်ကြောင်းအနီး ရေလဲရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီအပြင် စစ်ကောင်စီတပ်က မြစ်ကြောင်းတစ်လျှောက်က ရွှေတူးဖော်တဲ့ ဖောင်သုံးစီးနဲ့ လှေတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စက်တင်ဘာလ ၁၉ ရက် ဒီကနေ့မှာတော့ ရေလဲရွာအနီးက မိုးစစ်ရွာကို စစ်ကောင်စီတပ်သားတွေ ထပ်မံစီးနင်းနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ကတော့ ရေလဲမှာ အမျိုးသမီးရော၊ အမျိုးသားတွေပါ တော်တော်များများ အဖမ်းခံခဲ့ရတာ။ ဒါပေမဲ့ အမျိုးသမီးတွေကို ပြန်လွှတ်ပေးခဲ့တယ်။ အမျိုးသားတွေကို မိုးစစ်မှာ ပစ္စည်းတွေ ထမ်းခိုင်းနေ တယ်။ စစ်ကောင်စီအဖွဲ့ ကတော့ အခုထိတော့ မိုးစစ်မှာပဲ ရှိသေးတယ်”

မီးရှို့ဖျက်ဆီးခံရတဲ့အခြေအနေနဲ့ ဖမ်းဆီးခံထားရသူတွေရဲ့ အသေးစိတ်အချက်အလက် တွေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

စစ်ကြောင်းထိုးခံရတဲ့ ရေလဲရွာနဲ့ မိုးစစ်ရွာက ဒေသခံ တစ်ထောင်ကျော်လည်း အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေ ပြန်လွတ်လာပေမယ့် အမျိုးသားတွေကို ဆက်လက်ဖမ်းဆီး ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ကချင်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရွှေကူမြို့နယ်မှာ တရားမဝင် ရွှေတူးဖော်တဲ့ စက်လှေတွေကို စစ်ကောင်စီရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်ရေယာဉ်တွေနဲ့ စက်တင်ဘာလ ၁၈ ရက်မှာ နှိမ်နင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး(UN OCHA) ရဲ့ စာရင်းတွေ အရ အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၂၆,၀၀၀ ကျော် တိုးလာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။