ရမည်းသင်းမှာ မြေပြိုပြီး ပိတ်မိနေသူတွေ လေးရက်ကြာတဲ့အထိ မကယ်နိုင်သေး
2024.09.13
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်က ရွာခြောက်ရွာမှာ မြေပြိုပြီး ပိတ်မိနေသူတွေကို လေးရက်ကြာတဲ့အထိ မကယ်ထုတ်နိုင်သေးဘူးလို့ ပိတ်မိနေတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
တောင်ခြေ ရွာတွေဖြစ်တဲ့ အင်တိုင်း၊ သပြေပင်၊ ချောင်းဖျား၊ ဝါးဖြူတောင် (အထက်)၊ ဝါးဖြူတောင် (အောက်)၊ ငါးတဲစု စတဲ့ရွာတွေဖြစ်ပြီး တောင်တွေပြို လမ်းတွေပိတ်လို့ ကူညီကယ်ဆယ်မဲ့သူ မရှိဘူးလို့ ငါးတဲစုရွာမှာ ပိတ်မိနေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုထွက်လို့ကို မရဘူး။ တောင်တွေရောပြိုပြီး လမ်းကြောင်းမပေါက်တော့ သွားလို့မရဘဲ ပိတ်မိနေတာ။ ဘယ်မှ သွားလို့မရတော့ ဒီတိုင်းပိတ်မိနေတယ်။ တော်တော်ခက်ခဲနေတယ်။ ကျွန်မတို့နေတဲ့ နေရာမှာပိတ်မိနေတာ လူ ခြောက်ဆယ်လောက်တော့ရှိမယ်“
စက်တင်ဘာလ ၁၀ ရက်နေ့ကတည်းက ရေကြီး မြေပြိုပြီး စားနပ်ရိက္ခာတွေလည်း ရေထဲမျောပါကုန်တာကြောင့် စားသောက်ဖို့ပါ အခက်အခဲဖြစ်လာပြီလို့ ပိတ်မိနေတဲ့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ ရွာတွေမှာ ရေကြီးမြေပြိုမှုတွေ ဆက်ဖြစ်နေပြီး အသက်သေဆုံးသူတွေလည်း ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ အခုတောင်ခြေရွာဖြစ်တဲ့ သပြေပင်၊ ငါးတဲစု၊ ချောင်းဖျား အဲဒီရွာတွေကို ကျွန်တော်တို့ လူတွေသွားနေတာ အခုထိကို ရွာထဲမရောက်နိုင်သေးဘူး လမ်းခုလတ်မှာပဲရှိသေးတယ်။ သေဆုံးတာတွေများတယ်လို့ သတင်းတွေကြားနေတယ်။ ရွာထဲမရောက်သေးတော့ အတိအကျတော့ မသိသေးဘူး"
ရေကြီးပြီး မြေပြိုတာကြောင့် လမ်းတွေ ပုံမှန်သွားလို့မရတော့ဘဲ ခြေလျင်နဲ့ပဲ ခက်ခက်ခဲခဲ သွားနေရတယ်လို့ သူက ပြောပါတယ်။
ကူညီကယ်ဆယ်ရေးမရသေးဘဲ ပိတ်မိနေတဲ့ ရွာတွေက လူအရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
စက်တင်ဘာလ ၉ ရက် ညက သပြေပင်ရွာမှာ မိုးသည်းထန်ပြီး မြေပြိုတာကြောင့် လူခုနစ်ဦး သေဆုံးသွားပါတယ်။
အဲဒီနေရာမှာ သေဆုံးမှုတွေ ဆက်ရှိနိုင်ပြီး မြေပြိုမှုနဲ့ ရေကြီးမှုတွေ ဖြစ်နေလို့ အသေးစိတ်မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေး ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
နိုင်ငံတစ်ဝန်း မိုးသည်းထန်ပြီး ရေကြီး မြေပြိုမှုတွေဖြစ်နေတာကြောင့် သေဆုံးသူ ရာနဲ့ချီရှိနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ခန့်မှန်းပြောဆိုပါတယ်။