ရန်ကုန်မှာ လမ်းပေါ်ပံ့သကူကောက်ရင်း ကားတိုက်မိလို့ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်မှာ နိုဝင်ဘာလ ၇ ရက်၊ တန်ဆောင်မုန်း လပြည့်နေ့ မနေ့ညပိုင်းက ပံ့သကူလိုက်ကောက်နေချိန် ကားနဲ့တိုက်မိ တာကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့ ရတဲ့အဖွဲ့တွေက ပြောပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ် Makro Myanmar ဈေးအရောင်းစင်တာရှေ့က အထက် ပုဇွန်တောင်လမ်းမမှာ မနေ့ည ၁၀ နာရီ ၂၀ မိနစ် ဝန်းကျင်က ပံ့သကူကောက်နေတဲ့ အမျိုးသမီးတစ်ဦးကို Toyota Wish အမျိုးအစား ကားအနက်ရောင်တစ်စီးက ဝင်တိုက်မိ ခဲ့တာလို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ဒဏ်ရာပြင်းထန်တယ်ဗျ။ ကျနော်တို့က ဆေးရုံပို့ပေးတဲ့အဆင့်ပဲ လုပ်ပေးတယ်လေ။ ဒီမနက်ကြားတာတော့ အတည်မပြုနိုင်သေးဘူး။ ဆုံးတယ်လို့လည်း ကြားတယ်ဗျ"
ကားတိုက်ခံရတဲ့ အမျိုးသမီးဟာ အသက် ၄၅ နှစ်အရွယ်ရှိပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တယ်လို့ အဲဒီ လူမှုကူညီရေးအဖွဲ့ဝင်က ပြောပါတယ်။
အဲဒီအမျိုးသမီးကို တိုက်မိခဲ့တဲ့ကားကတော့ ကားဘီးတာယာတစ်လုံး ကျွတ်သွားခဲ့ပြီး ၁၅ ပေ ခုံးတံတားအနီးမှာ ရပ်တန့်သွားတာကြောင့် ယာဉ်မောင်းရော ယာဉ်ကိုပါ မိလိုက်တယ် လို့ ပြောပါတယ်။
အလားတူ ရွှေပြည်သာမြို့နယ်၊ မြင်းလှည်းဂိတ်မှတ်တိုင်အနီးမှာ ပံ့သကူကောက်နေသူ နှစ်ဦး ကားတိုက်ခံရတာကြောင့် တစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ခြေထောက်မှာ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့ညရောက်တိုင်း ပံ့သကူအလှူအဖြစ် အစားအသောက်ပစ္စည်း တွေနဲ့ လူသုံးကုန် ပစ္စည်းတွေအပြင် ငွေကြေးအချို့ကိုပါ နေရာအနှံ့ချပြီး လှူဒါန်းသူတွေ ရှိတာကြောင့် မြို့နယ်တိုင်းက ဒေသခံအများအပြားဟာ ကားလမ်းမပေါ်အထိတက်ပြီး လိုက်လံရှာဖွေကြတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။