ရန်ကုန်မြို့ နေရာအများအပြား မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံ

2022.08.17
ရန်ကုန်မြို့ နေရာအများအပြား မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံ ၂၀၂၂ ခုနှစ် သြဂုတ် ၁၇ ရက်နေ့မှာ ရေကြီးနေသည့် ရန်ကုန်မြို့ သမိုင်းလမ်းဆုံကို တွေ့ရစဥ်
Photo: RFA

ရန်ကုန်မြို့မှာ မနေ့ညကနေ ဩဂုတ်လ ၁၇ ရက် ဒီနေ့မနက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြို့နယ်အများစုနဲ့ ကားလမ်းမတွေပေါ်မှာ ရေကြီးရေလျှံတာတွေ ဖြစ်နေပါတယ်။

ရန်ကုန်မြို့လယ် အထက် ပန်းဆိုးတန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာ၊ ဗဟန်း၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ မရမ်းကုန်းနဲ့ မင်္ဂလာဒုံ အပါအဝင် မြို့နယ်အများစုမှာ ရေကြီးရေလျှံတာတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တချို့ရပ်ကွက်တွေမှာ အိမ်ထဲအထိ ရေဝင်တာကြောင့် ဘေးလွတ်ရာကို ခေတ္တပြောင်း ရွှေ့နေရတယ်လို့လည်း ဒေသခံတချို့က RFA ကို ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီးတွေပေါ်မှာ ရေလျှံနေတာကြောင့် သွားလာရေးမှာ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ တောင်ဥက္ကလာမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“မိုးက မနေ့ညနေကတည်းက ရွာတာ ဒီနေ့မနက်အထိ မနားဘူး။ အနိမ့်ပိုင်းရပ်ကွက် တွေနဲ့ လမ်းမတွေပေါ်မှာ ရေလျှံတာတွေ ဖြစ်တော့ အလုပ်သွားရတာ တော်တော် အခက်အခဲဖြစ်ကြတယ်။ ရေက ကားလမ်းမပေါ်မှာကို ဒူးအထက်လောက် ရောက်နေ တာ။ ကားတွေက ဘယ်လိုမှ မောင်းလို့မရဘူး။ အခုက လမ်းတွေလည်း ပိတ်တာပေါ့။ အလုပ်သွားရမယ့်သူတွေလည်း အလုပ်နောက်ကျကုန်တာပေါ့”

ယခုတစ်ပတ်မှာ မုတ်သုံလေ အားကောင်းစေမယ့် မုန်တိုင်းငယ်လေးတစ်ခု အိန္ဒိယနိုင်ငံ အနောက်မြောက်ဘက် ရွေ့နေတာကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသတွေနဲ့ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီး၊ ရေကြီး ရေလျှံ၊ မြေပြိုတာတွေ ကြုံရနိုင်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ ကပ္ပလီပင်လယ်ပြင်မှာ မုတ်သုံလေအား အလွန်ကောင်းလာတာကြောင့် ဒီရက်ပိုင်းအတွင်း ရန်ကုန်တိုင်းမှာလည်း မိုးကြီးနိုင်တယ်လို့ ဒီနေ့မနက် ၁၀ နာရီခွဲမှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။