ရန်ကုန်မှာ ရွှေ ငါးပိဿာကျော် လုယက်သွားသူတွေကို ဖမ်းမိ
2024.10.25
ရန်ကုန်တိုင်း လှိုင်မြို့နယ်ထဲမှာ ရွှေဆိုင်သိမ်းပြီး ရွှေထည်တွေသယ်ဆောင်လာတဲ့ ကားကနေ ရွှေငါးပိဿာကျော် လုယက်ခဲ့တဲ့ သေနတ်သမားတွေကို ဖမ်းမိပြီလို့ စစ်ကောင်စီက အောက်တိုဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လုယက်သူ လေးဦးထဲက သုံးဦးကိုဖမ်းမိပြီး တစ်ဦးကတော့ လွတ်မြောက်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။ ဖမ်းမိသူတွေထံကနေ ခြောက်လုံးပြူးသေနတ်တစ်လက်လည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့နေ ရွှေလုပ်ငန်းရှင်တစ်ဦးကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးတွေ ကျပ်တည်းလာတာကြောင့် လုယက်မှုတွေ ပိုများလာတယ်လို့ RFA ကို ပြောပါတယ်။
“အကုန်လုံးက စားစရာမရှိ၊ ငတ်နေတော့လေ ဖုန်းကအစ လုယက်နေကြတာ။ ဒီအချိန်မှာ လုံခြုံရေးသတိရှိဖို့တော့ လိုတာပေါ့။ ဖြစ်ရင် ကိုယ်ပဲဆုံးရှုံးရတာပဲလေ”
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာဖွင့်လှစ်ထားတဲ့ မြရွှေယုံ ရွှေဆိုင်က ရွှေထည်တွေ သယ်ဆောင်လာတဲ့ကားကို အောက်တိုဘာလ ၂၁ ရက်နေ့မှာ လုယက်မှု ဖြစ်ပွားခဲ့တာပါ။
အဲဒီဖြစ်ရပ် ဖြစ်ပြီးနောက်မှာတော့ ရွှေဆိုင်ပိုင်ရှင်တွေအနေနဲ့ ရွှေဆိုင်တွေမှာ လုံခြုံရေးအတွက် စနစ်တကျ ကြိုတင်ပြင်ဆင်ကြဖို့ဆိုပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အောက်တိုဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန် သတိပေးထားပါတယ်။
ရွှေဆိုင်တွေမှာ CCTV ကင်မရာတွေ တပ်ဆင်ထားတာအပြင် မိမိတို့ရဲ့ နေအိမ်၊ နေအိမ်ပတ်ဝန်းကျင်၊ ကားပါကင် တို့မှာလည်း CCTV ၊ အရေးပေါ် သတိပေးချက်စနစ် (Alarm Bell) တွေ တပ်ဆင်ဖို့၊ ရွှေထည်နဲ့ ရတနာပစ္စည်းတွေ သယ်ဆောင်တဲ့ ကားတွေမှာ CCTV နဲ့ GPS စနစ်တွေ တပ်ဆင်တာလုပ်ထားရမယ်လို့ ဆိုပါတယ်။
ပြီးတဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း မန္တလေးမြို့က “ချောင်ချောင်” ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ်မှာ ရွှေဆယ်ပိဿာကျော်နဲ့ ငွေကျပ် သိန်းတစ်ထောင်ခန့် ဓားပြတိုက်ခံခဲ့ရပြီး နောက်ပိုင်းမှာ ဓားပြတိုက်သူတွေကို ပြန်လည်ဖမ်းမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။