ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသူ မနန်းတွယ်တာဦး ထောင် ၁၀ နှစ်ချခံရ
2022.12.30
ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူလည်းဖြစ် ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်ရဲ့ တွဲဖက်အတွင်းရေးမှူး မနန်းတွယ်တာဦးကို မော်လမြိုင်ခရိုင်တရားရုံးက ဒီဇင်ဘာ ၂၉ ရက် မနေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက် တယ်လို့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“သူက အချိန်တော်တော်ကြာ ပျောက်သွားလို့ လုံခြုံတဲ့နေရာတစ်ခုခု ရောက်နေတယ် ထင်ထားတာ။ အခုတော့ မနေ့က ၅၀ (ည) နဲ့ ၁၀ နှစ်ချခံလိုက်ရတယ်။ ဒီရက်ပိုင်းမှာ ကျောင်းသားတွေကို နှစ်ရှည်ထောင်ဒဏ်တွေကို စကစ က ရည်ရွယ်ချက်ရှိရှိနဲ့ကို ချနေတာ။ ဒါဟာ အာဏာရှင်တွေရဲ့ လုပ်ရပ်တွေကို ကွက်ကွက်ကွင်းကွင်းမြင်ရတာ ဖြစ်တယ်”
မနန်းတွယ်တာဦးက စစ်တပ် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က မော်လမြိုင်မြို့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
စစ်ကောင်စီက ဒီဇင်ဘာလ ၂၃ ရက်ကနေ ၂၉ ရက်အထိ တစ်ပတ်အတွင်းမှာ ရန်ကုန်၊ မန္တလေး၊ ဘားအံနဲ့ မော်လမြိုင်မြို့က တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား ရှစ်ဦးကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ သက်ဆိုင်ရာ ကျောင်းသားများသမဂ္ဂတွေက ပြောပါတယ်။
မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်က ကျောင်းသား ကိုကောင်းဆက်ကို ထောင် ၂၅ နှစ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ (ဗကသများ) အဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေး တာဝန်ခံ ကိုကောင်းထက်ဦး၊ ဒေါပုံမြို့နယ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်း ကိုဉာဏ်ဝင်းထက်နဲ့ အမရပူရမြို့နယ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ကိုအောင်ကျော်ခန့် တို့ကို ထောင် ၁၅ နှစ်စီ၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသား ကိုမျိုးသူရအောင်ကို ထောင် ၁၃ နှစ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ကျောင်းသူ မဝင်းထက်မာကို ၂၀ နှစ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းကို ထောင် နှစ်နှစ်နဲ့ အခု ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ မနန်းတွယ်တာဦးကို ၁၀ နှစ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ စာရင်းတွေအရ ဖမ်းဆီးခံထားရသူပေါင်း ၁၃,၁၆၇ ဦးရှိပြီး အဲဒီအထဲက ၁,၈၆၆ ဦးက ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။