အလုပ်သမားတွေရဲ့ အချက်အလက် စစ်ကောင်စီ စာရင်းကောက်ယူနေ

RFA Burmese
2024.08.02
အလုပ်သမားတွေရဲ့ အချက်အလက် စစ်ကောင်စီ စာရင်းကောက်ယူနေ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်းက စက်မှုဇုန်တွေနဲ့ စက်မှုဇုန်ပြင်ပမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံက အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်စာရင်းတွေကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ကောက်ယူနေတယ်လို့ အလုပ်အမားတွေနဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေက RFA ကို ပြောပါတယ်။

အဲဒီစာရင်းကို သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ ပိုင်ရှင် ဒါမှမဟုတ် ကြီးကြပ်သူတွေကနေတစ်ဆင့် စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက စာရင်းကောက်ယူနေတာပါ။

ဒီအထဲ အလုပ်သမားတွေရဲ့ အသက်အရွယ်၊ နေထိုင်ရာ နေရပ်လိပ်စာ၊ သန်းခေါင်စာရင်း၊ ဧည့်စာရင်းနဲ့ မှတ်ပုံတင်တို့ကို စာရင်ပြုစုပြီး သက်ဆိုင်ရာမြို့နယ် အလုပ်သမားရုံးကို ပေးနေရတာလို့ ဆိုပါတယ်။

ဘာကြောင့် ဒီလိုစာရင်းကောက်ယူနေသလဲဆိုတော့ သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ တာဝန်ရှိသူတွေက အလုပ်သမားတွေကို အသိပေးရှင်းလင်းတာမျိုးမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့သူတစ်ဦးကတော့ အခုလို စာရင်းတွေကောက်နေတာ စစ်တပ်အာဏာသိမ်ပြီးကတည်းက ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"စစ်မှုထမ်းဥပဒေမထွက်ခင် စစ်တပ်အာဏာစသိမ်းပြီးကတည်းက အလုပ်သမားစာရင်းတွေကို ရပ်ကွက်ရုံး၊ မြို့နယ်ရုံးတွေကနေ ကောက်နေခဲ့တာပါ၊ အဲဒီတုန်းကတော့ ငါးမျဉ်းစောင်း၊ ဆယ့်တစ်မျဉ်းစောင်း စတဲ့ အချက်အလက်တွေကို ဦးတည်ပြီး ကောက်ခဲ့တာပေါ့၊ အခုတော့ စစ်မှုထမ်းဖို့ လူလိုလို့ ကောက်နေတယ်လို့ သဘောပေါက်ပါတယ်ခင်ဗျ"

ရန်ကုန်တိုင်းက အလုပ်သမားတွေကို စစ်ကောင်စီ စာရင်းကောက်ယူတာနဲ့ ပတ်သက်ပြီး ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) အပါအဝင် စစ်ကောင်စီရဲ့ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦကျော်ကျော်လွင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ဒီလို စာရင်းကောက်နေချိန်မှာပဲ ပြည်ပရောက် အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ မပို့တဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို ဇူလိုင်လ ၂၆ ရက်ကစပြီး အရေးယူမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ဇူလိုင်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။