ရာဂီမုန်တိုင်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း သေဆုံးသူ ၁၄၀ ကျော်ရှိ
2024.09.19
ရာဂီမုန်တိုင်းကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ် ၁၀ မြို့နယ်မှာ ဖြစ်ပေါ်တဲ့ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုကြောင့် သေဆုံးသူ စာရင်းအရ ၁၄၀ အထက်ရှိတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး ဗဟိုကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။
ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ ရရှိထားတဲ့ အချက်အလက်အရ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်ပေါင်း (၁၀) မြို့နယ် ကျေးရွာပေါင်း ၂၅၀ မှ ၃၀၀ ကြား ရေဘေးသင့်ခံရပြီး ရှစ်ဆယ်ရာခိုင်နှုန်းဟာ ရေကြီးရေလျှံတာကြုံရပြီး နှစ်ဆယ်ရာခိုင်နှုန်းကတော့ မြေပြိုကျမှု ကြုံတွေ့ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
မြို့နယ် ၁၀ မြို့နယ်ဖြစ်တဲ့ လွိုင်လင်၊ ပင်လောင်း၊ ညောင်ရွှေ၊ ကလော၊ ဆီဆိုင်၊ ရပ်စောက်၊ တောင်ကြီး၊ မိုးဗြဲ၊ ဟိုပုံးနဲ့ မောက်မယ်မြို့နယ်တွေ ဖြစ်ပါတယ်။
“သေဆုံးသူ စာရင်းက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်က စာရင်းဖြစ်တယ်။ အခုက ပိုလာတယ်လို့ ပြောလို့ရတယ်။ အခုက ကယ်ဆယ်ရေးတွေ လုပ်ရင်း သေဆုံးတဲ့ စာရင်းတွေ ထပ်တွေ့လာရတယ်။ ၁၄၀ အထက်တော့ ရှိတယ်။ ကယ်ဆယ်ရေး မလုပ်နိုင်တဲ့ ဒေသတွေကတော့ ပျောက်ဆုံးသူတွေ ထပ်ရှိသေးတယ်။ ဟိုပုံးမြို့နယ်ထဲက မဲနယ်တောင် တကြောဘက်နဲ့ ကလောဘက်မှာ ရှိနေသေးတယ်။ အဓိက တောင်ကျရေကြောင့် ပျောက်ဆုံး သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို မရနိုင်သေးဘူး” လို့ ပအိုဝ်းလူငယ်အစည်းအရုံး ဗဟိုကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။
ရေကြီးရေလျှံဖြစ်တဲ့အတွက်ကြောင့် မြေပြိုမှုတွေဖြစ်ပွားပြီး တောင်ကြီး-လွိုင်လင် ကားလမ်းပျက်စီးသွားတဲ့အတွက် လွိုင်လင်၊ မောက်မယ်မြို့နယ်တွေလို နေရာမျိုး သွားရောက်ကူညီဖို့ အခက်အခဲ ဖြစ်တယ်လို့ ပြောပါတယ်။
“အဓိက သတင်းအချက်လက်တွေ လက်လှမ်းမမှီရင်လည်း အကူအညီ မရဘူး။ ခုချိန်ထိ ကူညီကယ်ဆယ်ရေး မရသေးတဲ့ နေရာလည်း ရှိသေးတယ်။ အကြောင်းရင်း ပြန်ကြည့်ရမယ်ဆိုရင် အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းဖျက်ခံထားရတဲ့အတွက် သတင်းအချက်လက် မရလို့ ချိတ်ဆက်တဲ့ လမ်းကြောင်း တော်တော်နဲ့ အခက်ခဲဖြစ်နေတယ်”
ရေဘေးသင့်သူတွေ ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိမ်းမောင်ကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
RFA ရဲ့ စက်တင်ဘာလ ၁၉ ရက် ညနေအထိ ပြုစုထားတဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်း ရေကြီး၊ မြေပြိုမှုကြောင့် သေဆုံးသူ ၃၀၃ ဦး အထိရှိလာပြီ ဖြစ်ပါတယ်။
စစ်ကောင်စီကနေ စက်တင်ဘာ (၁၈) ရက် ညပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၆၈ ဦးရှိပြီး ပျောက်ဆုံးနေသူ ၈၈ ဦးရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။