ရေဦးမှာ တစ်ပတ်အတွင်း နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ

RFA Burmese
2022.12.18
Share on WhatsApp
Share on WhatsApp
ရေဦးမှာ တစ်ပတ်အတွင်း နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အဆောက်အအုံအချို့ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။
ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာရှိတဲ့ ရွာတွေကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၁၈ ရက် ဒီနေ့အထိ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ်တစ်ထောင် ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ထွက်ပြေး နေရသူတွေက RFA ကို ပြောပါတယ်။

မီးရှို့ခံရတဲ့အထဲမှာ ရွာမိဿ၊ ကုန်းသာ၊ ချမ်းသာ၊ ရွာသစ်၊ ဇဝ၊ ဝက်ဖိုး၊ ဒညင်းပေါက်၊ မဲအိုး၊ ချောင်းဆုံ၊ ကံသာနဲ့ ဆွမ်းအုံ စတဲ့ရွာတွေပါဝင်ပြီး တချို့ရွာတွေက သုံးကြိမ်မြောက် အရှို့ခံရ တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ဒီတစ်ပတ်အတွင်းမှာတင် အမျိုးသားတစ်ဦးနဲ့ သက်ကြီးရွယ်အိုလေးဦး သေဆုံးခဲ့ တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သက်ကြီးရွယ်အိုတွေ မီးထဲပါသွားတယ်။ လေးယောက်လောက် ပါတယ်။ လူလတ်ပိုင်း တစ်ယောက် ခေါင်းဖြတ်သတ်ခံရတယ်။ ချမ်းသာရွာမှာ ခေါင်းဖြတ်သတ်ခံရတာ။ ချမ်းသာရွာက ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာတွေ အတူနေကြတာ။ ဘုရားကျောင်းတော့ ဖျက်ဆီးခံရတာ မရှိသေးဘူး”

လက်ရှိ မီးရှို့ခံရတဲ့ရွာတွေထဲမှာ အများစုဟာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားကြ တာလို့ ဒေသခံတွေက ပြောပါတယ်။

ရွာစဉ်တစ်လျှောက် မီးဝင်ရှို့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ကလေးမြို့အခြေစိုက် ခလရ (၃၆၄) က ဖြစ်တယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင် ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီ ရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကလည်း လုံခြုံရေးကိစ္စတွေ ကို ထုတ်ပြန်လေ့မရှိဘူးလို့ RFA ကို ဖြေဆိုဖူးပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးတာ မရှိဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန် ငြင်းဆိုထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာလ ၃ ရက်ထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၆၁၆,၅၀၀ ဦး ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။