ရေဦးမှာ ရွာသုံးရွာ မီးရှို့ခံနေရ

RFA Burmese
2022.12.22
Share on WhatsApp
Share on WhatsApp
ရေဦးမှာ ရွာသုံးရွာ မီးရှို့ခံနေရ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ရေဦးနယ်စပ်ရှိ ကလဇင်ရွာ မီးရှို့ဖျက်ဆီးခံနေရသည်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။
𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲက ရွာပုကြီး၊ ပေကုန်းနဲ့ စီးမ ရွာတွေကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၂ ရက် ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၁၄၀ လောက်ပါတဲ့ စစ်ကြောင်းဟာ တန့်ဆည်မြို့နယ်ထဲကနေ ရေဦးမြို့နယ်ထဲ ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး တိုက်ပွဲတွေဖြစ်တာမရှိဘဲ ရွာတွေကို မီးရှို့ နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ချက်ချင်းရောက်လာပြီး တစ်ခါတည်း တန်းရှို့တာပဲဗျ။ ခံပစ်တဲ့အဖွဲ့လည်း မရှိပါဘူး။ အလွတ်ပေါ့ဗျာ။ ဘာအကြောင်းကြောင့် ရှို့သွားလဲ မသိဘူးပေါ့ဗျာ”

ဒေသခံတွေလည်း ထွက်ပြေးနေရပြီး မီးလောင်သွားတဲ့ အိမ်အရေအတွက်နဲ့ ဒေသခံ ဘယ်လောက် ထွက်ပြေးနေရတယ်ဆိုတာတော့ လတ်တလော မသိနိုင်သေးဘူးလို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိအချိန်ထိ ရွာပုကြီးရွာမှာ တပ်စွဲထားပြီး ပတ်ပတ်လည် ရွာတွေကို မီးလိုက်ရှို့နေ တာကြောင့် နောက်ထပ်ရွာတွေပါ မီးရှို့ခံရနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေး ဝန်ကြီး ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

မီးရှို့ခံရမှု ဖြစ်စဉ်တွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့က စစ်ကိုင်းတိုင်း အတွင်း စစ်ကောင်စီရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ယခုနှစ် နိုဝင်ဘာလ (၃၀) ရက်အထိ နေအိမ် ၂၇,၄၉၆ လုံး ပျက်စီးခဲ့တယ်လို့ ဒီဇင်ဘာလ ၁၀ ရက်က ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ၆၁၆,၅၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။