ရေဦးမှာ လက်နက်ကြီးမှန်လို့ ဒေသခံ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

RFA Burmese
2023.09.24
ရေဦးမှာ လက်နက်ကြီးမှန်လို့ ဒေသခံ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ ရေဦးမြို့ အဝင်တစ်နေရာကို တွေ့ရစဉ်။
We Love Ye-U

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မူးသာကုံးရွာနဲ့ ရွာသာလေးရွာထဲကို စက်တင်ဘာလ ၂၃ ရက် ညပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အရပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရေဦးမြို့နယ် တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

မူးသာကုံးရွာက ၁၉နှစ်အရွယ် ကိုကျော်ဇင်ထိုက် သေဆုံးခဲ့ပြီး ရွာသာလေးရွာက အသက် ၈၀ အရွယ် ဒေါ်ဘုတ်ရှိန်နဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ ပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အချက်ရေကတော့ ၁၉ ချက်လောက်ရှိတယ်။ တိုက်ပွဲလည်း မရှိဘဲ တမင်ရမ်းသန်း ပစ်ခတ်တာပေါ့။ သေဆုံးသွားတဲ့ ကလေးကတော့ နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားတာပါ။ ကျန်အမျိုးသမီး နှစ်ယောက်ကတော့ လက်မောင်း၊ ပေါင်၊ ခေါင်းတို့မှာ ထိခိုက်ဒဏ်ရာ ရတယ်။ မစိုးရိမ်ရပါဘူး"

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးတင်သန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စစ်ကောင်စီတပ်က တိုင်းရင်းဆေးရုံမှာ အင်အား ၈၀ နီးပါးနဲ့ စခန်းချ တပ်စွဲထားတာ နှစ်နှစ်နီးပါးရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က ရေဦးနဲ့ တန့်ဆည်မြို့နယ်အစပ်ကိုလည်း စက်တင်ဘာလ ၂၃ ရက်ကစလို့ စစ်ကြောင်းထိုးနေတဲ့အတွက် အရပ်သား တစ်သောင်းကျော် ထွက်ပြေးနေရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ အရပ်သား ရှစ်သိန်းကျော် (၈၁၃,၂၀၀) အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။