ရေကြည်မှာ စစ်မှုထမ်းဥပဒေကို ဝေဖန်မှုနဲ့ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံထားရ
2024.05.03
ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ် အသုတ်မြို့က ကလေးမိခင်တစ်ဦးကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ စစ်မှုထမ်းဥပဒေအပေါ် ဝေဖန်မှတ်ချက်ရေးသားမှုကြောင့် စစ်ကောင်စီက ဧပြီလ ၂၈ ရက်နေ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
ဖမ်းဆီးခံရသူဟာ အသုတ်မြို့ အမှတ် (၃) ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် မခင်လေးမေဖြစ်ပြီး အသက် တစ်နှစ်ခွဲအရွယ် ကလေးတစ်ဦးရဲ့ မိခင်ဖြစ်တယ်လို့ ဆိုပါတယ်။
လူမှုကွန်ရက်သတင်းမီဒီယာတွေမှာ မှတ်ချက်ပေးတာနဲ့ စစ်မှုထမ်းဥပဒေကို ဝေဖန်မှတ်ချက်ပေးတာတွေကြောင့် ဖမ်းဆီးခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဓိက ကတော့ ဧရာ၀တီတိုင်းမ်တို့၊ ခေတ်သစ်တို့မှာ Like တွေ၊ Comment တွေပေးတာရယ်၊ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး အသုတ်မြို့မှာ တစ်အိမ်ထောင် တစ်သောင်းပေးရတယ်ဆိုတဲ့ဟာကို မန့်လိုက်တဲ့အတွက် စစ်ကောင်စီက မတရားဖမ်းဆီးလိုက်တာပါ”
မခင်လေးမေကို လက်ရှိမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ - ၅၀၅ (က) နဲ့ အမှုဖွင့်ထားပြီး အသုတ်မြို့နယ် ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည် ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး နိုင်ငံတစ်ဝန်းက လူနှစ်သောင်းကျော် (၂၀,၃၉၇ ဦး) ဖမ်းဆီးခံထားရပါတယ်။