ရေကြည်ကနေ ရခိုင်ဘက်ပို့မဲ့ ဆေးဝါးနဲ့ စားသောက်ကုန်တွေ စစ်ကောင်စီ ကန့်သတ်
2024.08.13
ဧရာဝတီတိုင်း ရေကြည်မြို့ကနေ ရခိုင်ပြည်နယ် ဂွမြို့ကိုတင်ပို့မဲ့ စားသောက်ကုန်နဲ့ ဆေးဝါးတွေကို ဩဂုတ်လ ဒုတိယအပတ်ကစပြီး စစ်ကောင်စီက သယ်ယူခွင့် ပိတ်ထားတယ်လို ရေကြည်မြို့နယ် ဒေသခံတွေက RFA ကိုပြောပါတယ်။
စစ်ကောင်စီရဲ့ ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကနေ တင်ပို့ခွင့် ကန့်သတ်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက မြို့ဘက်က အဝင်အထွက်ဂိတ်တွေမှာ တင်းတင်းကျပ်ကျပ်စစ်ဆေးမှုတွေ လုပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေကြည်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“လမ်းပိတ်ထားတယ်ပေါ့နော်။ဒီ တောက်လျှောက် ကင်းပုန်းတွေဝပ်တာရော၊ နောက် တခြား မိုင်းဆင်တာရော၊ တောက်လျှောက်ဆိုသလို ရှိတယ်လို့ သိရတယ်။ နောက် ရေကြည်ကနေပြီး ကုန်ပစ္စည်းတွေ ဂွဘက်ကို တင်ပို့မှု၊ အဓိကတော့ အစားအသောက်၊ ဆန်၊ ဆေးဝါးကို ပိတ်တယ်လို့ သိရတယ်”
ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ဘက်ကို ဆန်နဲ့ စားသောက်ကုန်တွေ တင်ပို့တဲ့အခါ ကားနဲ့ အဓိက တင်ပို့သလို ဆိုင်ကယ်တွေနဲ့လည်း သယ်ယူကြပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ ပထမပတ်ထဲမှာ ရခိုင်ပြည်နယ်ကိုတင်ပို့မဲ့ ကျပ်သိန်းပေါင်း ခြောက်သောင်းခန့်နဲ့ စားသောက် ကုန်စည်တွေတင်တဲ့ စက်လှေတစ်စီးကို ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေအနီးမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။