ရေဦးနဲ့ ဒီပဲယင်း အစပ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံတစ်သောင်းနီးပါး ထွက်ပြေး

RFA Burmese
2023.09.25
ရေဦးနဲ့ ဒီပဲယင်း အစပ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံတစ်သောင်းနီးပါး ထွက်ပြေး ဒီပဲယင်းမြို့နယ်အစပ်ရှိ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့က တွေ့ရစဉ်။
ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး

စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ ဒီပဲယင်းမြို့နယ်အစပ်က ရွာတွေကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၅ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၂၀ က အရပ်သား တစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က အင်အား ၁၃၀ နီးပါးနဲ့ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

ဒါကြောင့် ရေဦးမြို့နယ် ရွာသာလေး၊ မူးသာကုံး၊ ကုက္ကိုစု၊ ဇိန်ဇွန်းအရှေ့၊ ဇိန်ဇွန်းအနောက်၊ ပိဋကပ်ကျအရှေ့၊ ပိဋကပ်ကျအနောက်၊ ဆယ်ကြီး၊ မုတ်စီ၊ ပေါက်တော၊ ဒီပဲယင်းမြို့နယ် ညောင်လှ၊ ဝဲကြီး၊ သရက်တော၊ လက်ယက်ကုန်း၊ မူးကတွင်း၊ မဲအိုး စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

စက်တင်ဘာလ ၂၅ ရက် ညနေပိုင်းမှာတော့ အဲဒီစစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုသစ္စာက ပြောပါတယ်။

“ညနေ ၄ နာရီခွဲမှာပဲ လက်ယက်ကုန်းရွာထိပ်မှာ ကျွန်တော်တို့ ရဲဘော်တွေလည်း ပါပါတယ်။ အဲဒီမှာ ကင်းပုန်းပြောက်ကျားနဲ့ ခေတ္တထိတွေ့မှုဖြစ်တယ်။ သူတို့ဘက်က တစ်ယောက် အကျအဆုံးရှိတယ်လို့ အတည်ပြုလို့ရတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်မှုမရှိသေးဘူး”

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု အခြေအနေကို RFA က သီးခြား အတည် မပြုနိုင်သေးပါဘူး။

စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းသယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင်ဘာလ ၈ ရက်နေ့ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ ပဋိပက္ခတွေကြောင့် အရပ်သား ရှစ်သိန်းကျော်( ၈၁၃၂၀၀ ဦး) အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။