ရေစကြိုမှာ တိုက်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေး
2024.11.03
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ နိပဆေးတောရွာမှာ နိုဝင်ဘာ ၁ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့တာကြောင့် ဒေသခံတစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ရေစကြိုဒေသခံတွေက RFA ကို နိုဝင်ဘာ ၃ ရက် ဒီနေ့မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က မြိုင်မြို့နယ် လင်းကတော နယ်မြေရဲစခန်းကနေ ထွက်လာတဲ့အင်းအား ခုနစ်ဆယ်ခန့်ရှိတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ရေစကြိုမြို့နယ် နိပဆေးတောရွာမှာ တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးပြီးနောက် နိပဆေးတောရွာက နေအိမ် နှစ်ဆယ်ခန့်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် ဒေသခံတစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အခုအချိန်အထိ မပြန်နိုင်ကြသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေစကြိုဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“စစ်ကြောင်းက နိပဆေးတောရွာကို ဝင်လာတာ။ ဝင်လာတော့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်တာပေါ့။ ဖြစ်ပြီးတော့ သူတို့ဘက်က တစ်ယောက် သေတယ်။ ပစ်ပြီးတော့ ဒီရွာကို သူတို့ ရိက္ခာတွေ ဘာတွေရှာပြီးတော့ ရိက္ခာတွေလည်း မတွေ့ဘူး။ ဘာမှမတွေ့တော့ ရွာကိုတော့ သူတို့ မီးရှို့သွားတယ်။ အိမ် ၁၉ လုံးလောက် ပါသွားတယ်။ ဒေသခံတွေကတော့ တိမ်းရှောင်နေတာပေါ့။ စစ်ကြောင်းကတော့ လင်းကတောရွာထဲကို ပြန်ဝင်သွားပြီ”
ရေစကြိုနဲ့ မြိုင်မြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လင်းကတောရွာမှာ အထိန်ချထားတဲ့ စစ်ကောင်စီတပ်ခန်းတွေကို လွန်ခဲ့တဲ့ တစ်နှစ်ခန့်ကစပြီး ရိက္ခာလမ်းကြောင်းတွေ ဖြတ်တောက်ထားတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကလည်း မြိုင်မြို့နယ် ချောက်တောင်းရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၅ လုံး မီးလောင်ပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က နိုဝင်ဘာ ၃ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။