ရေစကြိုမြို့နယ်မှာ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး ရွာသုံးရွာ မီးရှို့ခံနေရ
2023.05.26

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က မေလ ၂၆ ရက် ဒီနေ့မနက်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရာကနေ မိဖုရားရွာက အမျိုးသမီးတစ်ဦး သေဆုံးပြီး မိဖုရားရွာ၊ လှေခုတ်ရွာနဲ့ နွယ်နီရွာကနေ အိမ်တွေ မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အင်အားတစ်ရာဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ဒီကနေ့ မနက် ၆ နာရီမှာ ရေလယ်ကျွန်းဘက်ကို မြစ်ကျောင်းကနေ ကူးလာပြီး မိဖုရားရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်တာလို့ ပြောပါတယ်၊၊
သေဆုံးသွားတဲ့အမျိုးသမီးဟာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ချိန် ထွက်ပြေးရာကနေ ထိမှန်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေလယ်ကျွန်း ဒေသခံတစ်ဦးက ပြောပါတယ်။
"စဝင်တာ မိဖုရားကို လက်နက်ကြီးနဲ့ ပစ်လို့ ကလေးအမေတစ်ယောက် ဆုံးတယ်။ မိဖုရားရွာလည်း မီးရှို့သွားတယ်။ လှေခုတ်လည်း မီးရှို့တယ်လို့ ကြားတယ်။အဲဒါက ကျနော်တို့နဲ့ နည်းနည်း ဝေးတယ်"
သေဆုံးသွားတဲ့ အမျိုးသမီးနာမည်နဲ့ အသက်အရွယ်နဲ့ မီးရှို့ရတဲ့ အိမ်အရေအတွက်နဲ့ ပတ်သက်လို့ အသေးစိတ် မသိရသေးပါဘူး။
ဒီနေ့ မွန်းလွဲ ၁၂ နာရီလောက်မှာတော့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ကြွယ်ကုန်းရွာဘက်ကို ရောက်ရှိနေတယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
လက်ရှိအချိန် ရေလယ်ကျွန်းဒေသကို စစ်ကြောင်စီတပ်က စစ်ကြောင်းတွေ ဖြန့်ကျက် ထိုးနေတာကြောင့် မီးလောင်ကျွန်း(တောင်ရွာ)၊ မိဖုရား၊ ကြောက်ဘူး၊ ကြွယ်ကုန်း (ဘုန်းတော်ပြည့်)၊ ဖြုံဘူး၊ မဲကုန်း၊ တောင်ကုန်း၊ လှေခုတ်နဲ့ စတဲ့ အနီးပတ်ဝန်းကျင်က ရွာပေါင်း ၁၂ ရွာ ခန့် ဘေးလွတ်ရာကို ရှောင်နေရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်စွဲထားတဲ့ ရေစကြိုမြို့ ရုံးပေါင်းစုံစခန်းကို Myingyan BLack Tiger (MBT) အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနေ့က ဖမ်းခံရတဲ့ သူတို့အဖွဲ့ဝင် နှစ်ဦးကို ပြန်ကယ်ထုတ်ဖို့ တိုက်ပွဲဖြစ်ခဲ့တာ ဖြစ်ပြီး တစ်ဦးက လွတ်မြောက်ခဲ့ပေမယ့် တစ်ဦးက ဖမ်းဆီးခံနေရဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်က ရေလယ်ကျွန်းမှာ PDF အဖွဲ့တွေ ခိုလှုံနေတယ်လို့ ယူဆပြီး စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။