ရေစကြိုက ပန်းရန်အလုပ်သမားတစ်ဦး ရိုက်နှက်နှိပ်စက်ခံရပြီး သေဆုံး

RFA Burmese
2023.09.21
ရေစကြိုက ပန်းရန်အလုပ်သမားတစ်ဦး ရိုက်နှက်နှိပ်စက်ခံရပြီး သေဆုံး ရေစကြိုမြို့ အဝင်တစ်နေရာကို တွေ့ရစဉ်။
Yesagyo Township Info Committee

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ လုပ်ငန်းခွင်ကပြန်လာတဲ့ ပန်းရန်အလုပ်သမားတစ်ဦးကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက PDF လို့စွပ်စွဲပြီး ၀ိုင်းဝန်းရိုက်နှက်တာကြောင့် အဲဒီနေ့မှာပဲ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၂၁ နှစ်အရွယ် ကျော်မကြားရွာသား ကိုချစ်ကိုဆိုသူ သေဆုံးခဲ့တာဖြစ်ပြီး ရေစကြိုမြို့ပေါ်ကနေ သူနေထိုင်တဲ့ ကျော်မကြားရွာကို ပြန်လာစဉ် လမ်းခုလတ်မှာ စစ်ဆေးမှုတွေလုပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးရိုက်နှက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သူက ပန်းရန်လုပ်ပြီး ပြန်လာတာပေါ့။ ပန်းရံလုပ်ပြန်လာတာဆိုတော့ ဘိလပ်တွေ ဘာတွေ ပေကျံနေတာပေါ့ဗျာ ပန်းရန်အလုပ်သမား ဆိုတော့။ ကျော်မကြားမှာရှိတဲ့ မိသားစုစီ ပြန်လာတာပေါ့။ သူ့နဲ့အတူ ပြန်လာတဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူပန်းရံလုပ် ပြန်တာကို ဝိုင်းပြောကြတယ် အဲဒါကို PDF လို့ အော်ပြီး ဝိုင်းရိုက်တာ"

အပြင်းအထန်ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ အဲဒီနေ့ညပိုင်းမှာ သူရဲ့နေအိမ်မှာပဲ သေဆုံးခဲ့ပြီး ဇနီးနဲ့ အရွယ်မရောက်သေးတဲ့ ကလေးနှစ်ဦး ကျန်ရစ်တယ်လို့ သူကဆိုပါတယ်။

ကျော်မကြားရွာဟာ ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ ရေလယ်ကျွန်းဒေသနဲ့ ရေစကြိုမြို့ကိုသွားတဲ့ လမ်းမှာရှိတာကြောင့် စစ်ကောင်စီတပ်က မကြာခဏလာရောက် စစ်ဆေးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းအတွင်းရေးမှူး ဦးသန်းဆွေဝင်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၂၀ ရက်ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း လေးထောင်ကျော် (၄၀၉၆) ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။