ရန်ကုန်မှာ အောက်တိုဘာအတွင်း ဖောက်ခွဲမှု ၅၁ ကြိမ်နဲ့ ပစ်ခတ်တိုက်ခိုက်မှု ၈ ကြိမ်ရှိခဲ့

ရန်ကုန်တိုင်းအခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေတဲ့ တော်လှန်ရေး အဖွဲ့တွေက အောက်တိုဘာလထဲမှာ စစ်ကောင်စီတပ် အပါအဝင် ဆက်စပ်တဲ့နေရာတွေကို ဖောက်ခွဲမှု (၅၁) ကြိမ်နဲ့ ပစ်ခတ်တိုက်ခိုက်မှု (၈) ကြိမ် ပြုလုပ်ခဲ့တယ်လို့ Union of Myanmar Civilian Defence အဖွဲ့က နိုဝင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ တစ်လအတွင်း ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှု စုစုပေါင်း (၁၈) ကြိမ်ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ ဖောက်ခွဲ တိုက်ခိုက်မှု (၅၁) ကြိမ်၊ ပစ်ခတ်တိုက်ခိုက်မှု (၈) ကြိမ်နဲ့ သတင်းပေး ဒလန်ရှင်းလင်းမှု (၁၃) ကြိမ် ပြုလုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်းထဲက မြို့နယ် (၂၃) မြို့နယ်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရွှေပြည်သာ မြို့နယ်မှာ (၉) ကြိမ်နဲ့ အများဆုံး တိုက်ခိုက်ခဲ့တယ်လို့ Union of Myanmar Civilian Defence အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကိုပြောပါတယ်။
“ကျနော်တို့ ရန်ကုန်ကို နေ့စဉ်သတင်းတွေ မြေပေါ်မြေအောက် စောင့်ကြည့်ပါတယ်။ သွေးအေးသလို ထင်ရပေမယ့် activities ပြတ်တဲ့နေ့မရှိပါဘူး။ မြေပေါ်မြေအောက် သပိတ်အစုံပေါ့လေ။ ခုဟာတွေက အဖွဲ့အစည်းအစုံ လုပ်ထားတာကို မှတ်တမ်း တင်ထားတာပါ။ ကျနော်တို့ UMCD ကပဲ လုပ်ထားတာတော့ မဟုတ်ဘူးပေါ့။ အဓိကက ရန်ကုန်ဟာ သွေးမအေးဘူး။ မြေပေါ်မြေအောက် လှုပ်ရှားမှုတွေ အမြဲလိုလိုရှိနေတယ်လို့ message ပေးချင်တာပါ။ ရန်ကုန်ဟာ တော်လှန်ပုန်ကန်နေဆဲပါ”
ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး ရန်ကုန်တစ်မြို့လုံးရဲ့ လှုပ်ရှားမှုစာရင်း စပြုစုခဲ့တာဖြစ်ပြီး ရန်ကုန်ဟာ လှုပ်ရှားမှုတွေရှိသလို သွေးမအေးဘူးဆိုတာ လူထုကိုပြသနိုင်ဖို့ လတိုင်း စာရင်းပြုစုပြီး တင်ပြသွားမယ်လို့ သူက ပြောပါတယ်။
စက်တင်ဘာလအတွင်း ရန်ကုန်တိုင်းအတွင်းမှာ ဆန္ဒပြမှု (၃၁) ကြိမ်၊ ဖောက်ခွဲတိုက်ခိုက်မှု အကြိမ် (၇၀)၊ ပစ်ခတ်မှု (၆) ကြိမ်နဲ့ သတင်းပေးဒလန်ရှင်းလင်းမှု (၁၁) ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်ထဲမှာပါတဲ့ စာရင်းတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။