ရန်ကုန် - မန္တလေး အမြန်လမ်းမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

RFA Burmese
2024.07.30
ရန်ကုန် - မန္တလေး အမြန်လမ်းမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနေရာတစ်နေရာကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃၂၂) အနီးမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကားသုံးစီးကို ဇူလိုင်လ ၂၉ ရက်နေ့ မနက်က မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ မန္တလေးတိုင်း၊ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

အင်အားလေးဆယ်ကျော် လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကားသုံးစီးထဲက ကားတစ်စီးပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။

“အခြေအနေကတော့ ကားတစ်စီးကတော့ မီးလောင်သွားတယ်ဗျ။ ထိခိုက်ဒဏ်ရာရှိတဲ့အခြေအနေ တိတိကျကျတော့ မကြားရဘူး။ မိတ္ထီလာ စစ်ဆေးရုံကို ပို့တယ်လို့တော့ သတင်းကြားထားပါတယ်”

မီးလောင်ပျက်စီးပြီးကျန်ခဲ့တဲ့ စစ်ကားတစ်စီးအနီးမှာ အင်အားငါးဆယ်ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက တပ်စွဲထားပြီး တိုက်ပွဲထပ်မံဖြစ်ပွားတာ မရှိသေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇူလိုင် ၂ ရက်နေ့ကလည်း ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၆၁ မိုင်အနီးမှာ စစ်ကောင်စီ စစ်ကားနှစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။