ရန်ကုန်မှာ တစ်ပတ်အတွင်း ယာယီမီးပြတ်မည်

RFA Burmese
2023.12.27
ရန်ကုန်မှာ တစ်ပတ်အတွင်း ယာယီမီးပြတ်မည် ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား အချိန်ပိုင်းပေးမှုကြောင့် ကုန်စိမ်းဆိုင်တစ်ဆိုင်တွင် ဖယောင်းတိုင်ထွန်းကာ ရောင်းချနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်းအတွက် ပို့ပေးနေတဲ့ ဓာတ်ငွေ့ပိုက်လိုင်းကို ပြုပြင်မှာဖြစ်လို့ တစ်ပတ်အတွင်း ယာယီမီးပြတ်တောက်မှုတွေ ရှိနိုင်တယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ဒီဇင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ရန်ကုန်က ဓာတ်အားပေးစက်ရုံတွေကို ပေးပို့နေတဲ့ ရတနာ ကမ်းလွန်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ဒီဇင်ဘာ ၂၆ ရက်ကနေ ဇန်နဝါရီ ၂ ရက်အထိ ပြုပြင်မှာဖြစ်တာကြောင့် ဓာတ်အားထုတ်လုပ်မှု လျော့နည်းသွားမယ်လို့ YESC က ဆိုထားတာပါ။

ဒီလိုမထုတ်ပြန်ခင်ကတည်းက ရန်ကုန်မြို့မှာ တစ်ရက်ကို အနည်းဆုံး ရှစ်နာရီခန့် လျှပ်စစ်မီးပြတ်တောက်နေတာလို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

"မနက် ၅ နာရီကနေ ၉ နာရီအထိ လာရင် ၉ နာရီကနေ ၁ နာရီအထိ မီးပြတ်တယ်။ နေ့လယ် ၁ နာရီက ၅ နာရီအထိ လာရင် ညနေ ၅ နာရီကနေ ည ၉ နာရီအထိ ပြတ်တယ်။ ဒါတောင် မိနစ်ပိုင်းလောက်လာပြီး ပြတ်သွားတာမျိုး မပါသေးဘူး"

လျှပ်စစ်မီးပြတ်တောက်မှုတွေကို ယခင်အစိုးရတွေ လက်ထက်ကတည်းက ကြုံတွေ့ခဲ့ဖူး ပေမယ့် အာဏာသိမ်းပြီးနောက်မှာ အဆိုးရွားဆုံးအခြေအနေ ရောက်နေပြီလို့ သူက ပြောပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကိုတောင် မဖြည့်ဆည်းမပေးနိုင်သေးဘူးလို့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့ကလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဝန်ခံထားပါတယ်။

ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေဟာ စွမ်းအင်ကဏ္ဍကို ထိခိုက်စေပြီး ဒါကို ရေတိုအတွင်း အလွယ်တကူ ဖြေရှင်းနိုင်ဦးမှာ မဟုတ်ဘူးလို့ ၂၀၂၂ စက်တင်ဘာ လဆန်းပိုင်းမှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍစိန်ခေါ်မှုများ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။