ယင်းမာပင်မြို့နယ် မြောက်နုံးရွာ ရွာလုံးကျွတ်မီးရှို့ခံရ

ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2023.03.03
Share on WhatsApp
Share on WhatsApp
ယင်းမာပင်မြို့နယ် မြောက်နုံးရွာ ရွာလုံးကျွတ်မီးရှို့ခံရ မီးရှို့ခံရသည့် ယင်းမာပင်မြို့နယ် မြောက်နုံးရွာ။
Citizen Journalist

စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မြောက်နုံးရွာဟာ မတ်လ ၃ရက်နေ့က ရွာလုံးကျွတ် မီးရှို့ခံလိုက်ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။

နေအိမ် ၃ဝဝ နီးပါးရှိတဲ့ မြောက်နုံးရွာ ပြာကျသွားပြီလို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က ပြောပါတယ်။

“မြောက်နုံးရွာအနီးမှာ ဒီနေ့(မတ်လ ၃ရက်) နေ့လယ် နှစ်နာရီလောက်စပြီး တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တာ ညနေ လေးနာရီလောက်အထိ။ အဲဒီကနေတဆင့် ရန်သူ့စစ်ကောင်စီဘက်က အင်အား ၁၅ဝ လောက် ရှိပါတယ် အင်အားအလုံးအရင်းနဲ့ ဖြန့်တက်လာပြီး ဒီရွာကို ဝင်စီးလိုက်တာပေါ့နော်။ ညနေ ခြောက်နာရီလောက်မှာ မီးစရှို့တာပေါ့။ အခုည(မတ်လ ၃ရက်)အထိ မီးမငြိမ်းသေးဘူး။ လောလောဆယ်အခြေအနေကတော့ စစ်ကောင်စီက မြောက်နုံးကျေးရွာထဲမှာပဲ ယာယီတပ်စွဲထားတယ်။ ရွာက နေအိမ်တွေကတော့ အကုန်လုံး ပြာကျသွားပြီဖြစ်ပါတယ်။ ရန်သူ့စစ်ကောင်စီ စစ်ကြောင်းထိုးလာတဲ့တလျှောက်မှာ အပြစ်မဲ့အရပ်သား ပြည်သူ သုံးယောက် ဓားစာခံအဖြစ် ဖမ်းခံရတာလည်း ရှိတယ်။”

အဖမ်းခံရသူ သုံးဦးက ယင်းမာပင်မြို့နယ် ပြန်လှည့်ရွာသားတွေလို့ သတင်းရထားပေမယ့် အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး မြို့နယ် သုံးမြို့နယ်မှာ စစ်ကောင်စီတပ်တွေ၊ ပျူစောထီးအဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတာ လနဲ့ချီရှိနေပြီလို့လည်း သူက ဆိုပါတယ်။

မြောက်နုံးရွာမှာ နေအိမ် ၃ဝဝ နီးပါး၊ လူဦးရေ ၁၅ဝဝ ကျော် နေထိုင်တာပါ။ ဒေသခံတွေကတော့ တိုက်ပွဲမဖြစ်ခင် ကြိုတင်တိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ခုလို ရွာလုံးကျွတ်မီးရှို့ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူကို RFA က ဆက်သွယ်လို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လအတွင်း စစ်ကိုင်းတိုင်းမှာ လူနေအိမ်၊ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းနဲ့ ဆေးရုံအပါအဝင် ခုနစ်ထောင်နီးပါး မီးရှို့ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ မီးသတ်ဦးစီးဌာနစာရင်းတွေမှာ ဖော်ပြထားပါတယ်။

NUG ရဲ့စာရင်းတွေအရ စစ်ကိုင်းတိုင်းဟာ တစ်လအတွင်း နေအိမ်မီးလောင်ပျက်စီးမှု အများဆုံးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။