ယင်းမာပင်မှာ စစ်တပ်က ရွာထဲကို ဝင်ရောက်ပစ်ခတ်လို့ ဒေသခံတစ်ဦး သေဆုံး
2024.02.19
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် နဘူးတောရွာကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်သား ရှစ်ဆယ်ဝန်းကျင်က ဝင်ရောက်ပစ်ခတ်စီးနင်းလို့ အရပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၄၀ အရွယ် ဦးသောင်းခိုင်ဟာ လက်နက်ငယ်ကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးကာ ဦးတင်ငွေနဲ့ ဒေါ်ဖြူဦးတို့ ထိခိုက်ဒဏ်ရာ ရခဲ့တာပါ။
နဘူးတောရွာမှာ အသုဘချနေချိန် စစ်ကောင်စီတပ်က အခုလို ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"စစ်ကြောင်းက ဝင်တဲ့အချိန် နဘူးတောရွာက ကျန်းမာရေးမကောင်းလို့ ဆုံးသွားသူတစ်ဦး အသုဘချနေတာဗျ။ အဲဒီအချိန်ပဲ စစ်ကြောင်းက ဝင်လာပြီး သေနတ်ပစ်ခတ်ရာမှာ ဒေသခံတွေ ထိခိုက်သေဆုံးတာပါ၊ ရွာကို လေးနာရီလောက်တော့ ဝင်မွှေပြီး သူတို့ အထိုင်ချတဲ့ ဘန့်ဘွေးရွာကိုပဲ ပြန်ဝင်သွားပါတယ်"
ဒီစီးနင်းမှုကြောင့် နဘူးတောရွာအပါအဝင် ကျေးရွာငါးရွာက ဒေသခံတစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းစစ်ကောင်စီပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေဆိုပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကြောင့် ပြည်သူ ၄၅၄၅ ဦး သေဆုံးခဲ့ပါတယ်။